Eleven Media Group

မန်ယူအသင်းကို လူမှုကွန်ရက်မှတစ်ဆင့် ဂျေဂျေဂါဘရီယဲလ် နှုတ်ဆက်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုဖွယ်ရှိ

Photo: X

မန်ယူအသင်း၏ ဆယ်ကျော်သက်တိုက်စစ်မှူး ဂျေဂျေဂါဘရီယဲလ်သည် လူမှုကွန်ရက်မှတစ်ဆင့် အသင်းဟောင်းကို နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အသက်(၁၆)နှစ်သာရှိသေးသည့် ဂျေဂျေဂါဘရီယဲလ်သည် ၂၀၂၀ ခုနှစ်ကတည်းက မန်ယူအကယ်ဒမီသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်မှာပင် မန်ယူ ယူ-၁၈ အသင်းအတွက် စတင်ကစားခွင့်ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီတွင် ပရီးမီးယားလိဂ်ယူ-၁၈ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် ရာသီကြိုကာလတွင် မန်ယူအသင်းက အသင်းကြီးသို့ ခေါ်ယူခဲ့သော်လည်း ရာသီသစ်အတွက် လူစာရင်းတင်သွင်းရာတွင်မူ ၎င်းကို ထည့်သွင်းခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဂျေဂျေဂါဘရီယဲလ်၏ အေးဂျင့်အဖွဲ့က မန်ယူအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း စက်တင်ဘာလကတည်းက ကြေညာခဲ့ပြီး ယခုအခါ ကစားသမားကိုယ်တိုင်က နှုတ်ဆက်စကားပြောကြားခဲ့ခြင်းဖြစ်သည်။
''ချစ်လှစွာသော မန်ချက်စတာယူနိုက်တက်။ အိပ်မက်အကြီးကြီးတွေ မက်နေတဲ့ (၁၀)နှစ်အရွယ် ကောင်လေးအဖြစ် ၂၀၂၀ ခုနှစ်မှာ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် ဒီမှာ ကစားသမားတစ်ယောက်အဖြစ်ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ ကြီးပြင်းခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသွင်းရာကနေ ဂျင်မီမာဖီဆုလည်း ရရှိလာခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်းတန်ဖိုးထားရမယ့် အခိုက်အတန့်တွေကိုလည်း ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်မှုရှိခဲ့တဲ့၊ တိုးတက်မှုရှိအောင် ကူညီပေးခဲ့ကြတဲ့ နည်းပြတိုင်း၊ နည်းပြအဖွဲ့ဝင်တိုင်းနဲ့ အသင်းဖော်တိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ဘဝစာမျက်နှာသစ် စတင်လိုက်ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲရှိနေမှာပါ။ အရာအားလုံးအတွက် ကျေးဇူးပါ'' ဟု ဂျေဂျေဂါဘရီယဲလ်က ပြောကြားခဲ့သည်။
ဂျေဂျေဂါဘရီယဲလ်သည် လက်ရှိအချိန်၌ မက်ဒရစ်မြို့တွင် လေ့ကျင့်မှုပြုလုပ်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းက မန်ယူအသင်းထံ လျော်ကြေးအဖြစ် ယူရို(၃၆၀၀၀၀)ပေးရမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group