Eleven Media Group

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် ၁၉၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် ၁၉၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အား မိဘထံအပ်နှံပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်း၊ ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘထံပြန်လည်အပ်နှံခြင်းကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
"ဒီကနေ့မှာလည်း နိုင်ငံတော်အစိုးရရဲ့ ဖြေလျှော့ပေးမှုနဲ့အတူ နိုင်ငံတော်ရဲ့စေတနာကိုနားလည်ကာ အမြင်မှန်ရလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပူးပေါင်းပါဝင်လိုကြတဲ့ PDF အမည်ခံ
အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတို့မှ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနဲ့အတူ အလင်းဝင်ရောက်လာသူ ကျား ၃၁ ဦးနဲ့ လက်နက်မပါ အလင်းဝင်ရောက်လာသူ ကျား ၁၄၅ ဦး၊ မ ၁၉ ဦး စုစုပေါင်း ၁၉၅ ဦးတို့ကို တိုင်းစစ်ဌာနချုပ်အနေဖြင့် ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံသို့ အခမ်းအနားဖြင့် စနစ်တကျလွှဲပြောင်းပေးအပ်ကာ ဆုကြေးငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရတဲ့အတွက် လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ရဲ့သဘောထားအမှန်ကို သိရှိပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုကို နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း" မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

၎င်းကပင် ဆက်လက်ပြီး "ယခုလို ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြတဲ့ လူငယ်များအနေဖြင့် နောက်နောင်မှာ မိမိကိုယ်တိုင် အမှားထပ်မလုပ်မိစေဖို့နဲ့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများကို လေးစားလိုက်နာကြဖို့လိုအပ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်ရောက်နိုင်မှုမရှိသေးတဲ့ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတို့မှ လူငယ်မောင်မယ်များကိုလည်း နိုင်ငံတော်အစိုးရရဲ့ ဖြေလျှော့မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လာစေရေး ပြောကြားပေးစေလိုကြောင်း၊ လက်ဆင့်ကမ်း ထပ်မံအလင်းဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများ၊ ရဲစခန်းများသို့ အမြန်ဆုံးဆက်သွယ်သတင်းပေးပို့လာပါက မိမိတို့အနေဖြင့် ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်မောင်မယ်တို့အနေဖြင့်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးတို့အတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်" ဟု ဖြည့်စွက်ပြောကြားသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်မှု ၅၈ ကြိမ်ရှိပြီး အလင်းဝင်ရောက်လာသူ ၃၂၉၅ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group