Myanmar Digital News

ချက်သမ္မတနိုင်ငံ၌ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်၊ ၄၆ ဦး ဒဏ်ရာရရှိ

ပရာ့ဂ်     နိုဝင်ဘာ    ၁၇

ချက်သမ္မတနိုင်ငံ  မြို့တော် ပရာ့ဂ်မြို့၌   နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင်  ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိသဖြင့် ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် လေးဦးမှာ ပြင်းထန်သည့် အခြေအနေတွင် ရှိနေသည်။

ပရာ့ဂ်မြို့ရှိ ဘူတာရုံအနီး ဆေးဖာ့တ်တိုဗာလမ်းပေါ်ရှိ ရထားလမ်း တံတားတစ်ခုပေါ်တွင် ခရီးသည်တင် ရထားနှစ်စင်းသည် နှေးကွေးသော  အရှိန်နှုန်းဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြကြောင်း ချက်သတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများတွင် ရထားစက်ခေါင်းမောင်းသမားနှစ်ဦး ပါဝင်ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ပရက်မြို့ရှိ ဆေးရုံများသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်ရာနေရာတွင် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပရက်မြို့ အရေးပေါ်ဆေးကုသရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရထားတိုက်မိမှုကြောင့် ပရာ့ဂ်မြို့ရှိ  အဓိကမီးရထားဘူတာကြီးတွင် ရထားဝန်ဆောင်မှုများ  နှောင့်နှေးခဲ့ရပြီး   ရထားအများအပြားမှာ အချိန်နှောင့်နှေးခြင်းနှင့် လမ်းကြောင်းပြောင်းလဲသွားလာခြင်းများဖြစ်ပေါ်ခဲ့သည်။ ဘူတာအချို့တွင် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်နိုင်ပြီဖြစ်သော် လည်း ရထားသွားလာမှုမှာမူ နှောင့်နှေးမှုဖြစ်နေကြောင်း  ရထားလုပ်ငန်းအခြေခံအဆောက်အအုံ မန်နေဂျာက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးချက်များအရ ရထားတစ်စင်းသည် ရထားရပ်တန့်ရမည့်နေရာအား ကျော်လွန်မောင်းလာခဲ့ရာမှ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း ရထားလုံခြုံရေးစနစ်တွင်ပါရှိသည့် အရေးပေါ်ဘရိတ်စနစ် အသက်ဝင်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News