Myanmar Digital News

အင်ဒိုနီးရှားနိုင်ငံ ဘာလီဒေသတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆင်ရေးဆောင်ရွက်

ဂျကာတာ     နိုဝင်ဘာ      ၁၇

အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေကျွန်းဘာလီတွင် ၁၄ ရက်ကြာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆင်ရေးကို  နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ဆောင်ရွက်ခဲ့ကြောင်း  ဘာလီကျွန်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

လမ်းများတွင် ပြည်ပနိုင်ငံသားများအား  မဆင်မခြင်ယာဉ်မောင်းနှင်မှုများမပြုလုပ်ရန် ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

“Zebra Agung 2026” ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် နိုင်ငံသားများအား အသိပညာပေးခြင်းကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံသားများနှင့် ပြည်ပနိုင်ငံသား ယာဉ်မောင်းများအပေါ်တွင် ယာဉ်စည်းကမ်းဥပဒေများကို တန်းတူညီမျှစွာ  အသက်ဝင်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘာလီရဲတပ်ဖွဲ့တာဝန်ရှိသူ ပတ်စမာရိုတ်စ်က ပြောကြားသည်။ အဆိုပါစစ်ဆင်ရေးကို  စတင်ဖွင့်လှစ်သည့်အခမ်းအနားတွင် ၎င်းက “လမ်းအသုံးပြုသူများသည် အင်ဒိုနီးရှားနိုင်ငံသားများဖြစ်စေ၊ ပြည်ပနိုင်ငံသားများအပေါ်တွင်ဖြစ်စေ တာဝန်ရှိသူများအနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင်  ခိုင်မာပြတ်သားပြီး ကျွမ်းကျင်ပိုင်နိုင်ကာ တာဝန်ယူမှုရှိရမည်” ဟု ၎င်းက ပြောကြားသည်။ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ဘာလီဒေသတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၈၁၅၁ မှု ဖြစ်ပွားခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်  အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မတော်တဆမှုများကြောင့် ၄၄၉ ဦး သေဆုံးပြီး ၁၀၈၇၈ ဦး ဒဏ်ရာရရှိခဲ့ကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ ၃၈ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘာလီကျွန်းအနေဖြင့် ဘေးကင်းလုံခြုံပြီး ဧည့်ဝတ်ကျေပွန်သော နိုင်ငံတကာခရီးသွားနေရာတစ်ခုအဖြစ်   ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ယာဉ်အသွားအလာဘေးကင်းလုံခြုံရေးသည် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။                

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News