
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မလာမီ တင်းမာမှုများ မြင့်တက်လာပြီး နိုဝင်ဘာ ၁၈ ရက်တွင် ရဲစခန်းတစ်ခုနှင့် လွှတ်တော်အမတ်တစ်ဦး၏နေအိမ် မီးရှို့ဖျက်ဆီးခံရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြောင့် ၎င်း၏ ၁၅ နှစ်ကြာ အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ထိုအချိန်မှစ၍ အိန္ဒိယတွင်ခိုလှုံနေထိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုသည် ဆန္ဒပြသူများကို သေဆုံးစေခဲ့သည့် ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး ဟာဆီနာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး မျက်ကွယ်ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခဲ့သည်။
သို့သော် ဟာဆီနာက ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဟု ပြောကြားခဲ့သဖြင့် နိုင်ငံရေးလှုပ်ရှားခွင့် တားမြစ်ပိတ်ပင်ခံထားရသည့် ၎င်း၏ Awami League ပါတီ ထောက်ခံသူများအကြား မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာစေခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်က ဟာဆီနာ၏ ဇာတိမြို့ဖြစ်သော ဂိုပယ်ဂန်ဂျ်တွင် Awami League ပါတီထောက်ခံသူများဟု သံသယရှိသူများက ကြွေးကြော်သံများ ဟစ်ကြွေးကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည် မကြာသေးမီရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း၌ဖြစ်ပွားခဲ့သော ဓာတ်ဆီပုလင်းဗုံး ပေါက်ကွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
"မသမာသူတွေက ရဲစခန်းတစ်ခုနဲ့ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ မသမာသူတွေ ဘယ်သူဘယ်ဝါဆိုတာ ကျွန်မတို့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပေမဲ့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မီးရှို့ဖျက်ဆီးမှုတွေနဲ့ အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူတစ်စုတည်းကပဲ စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့တာဆိုတာ သံသယဖြစ်စရာ မရှိပါဘူး" ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာမာရမ် မူနီရာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
Awami League ပါတီ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံရပြီး အဆိုပါ ရဲစခန်းသို့ ခေါ်ဆောင်သွားခံရသည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားပြီးနောက် ယခုနောက်ဆုံး အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ပါတီထောက်ခံသူများသည် ရဲစခန်းအပြင်ဘက်တွင် စုဝေးကြရန် လှုံ့ဆော်ရာတွင် ဗလီမှ အသံချဲ့စက်ကို အသုံးပြုခဲ့ကြောင်း ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) မှ ဒေသခံ တက်ကြွလှုပ်ရှားသူ မိုဟာမက် မိုစတိုဖာ ကာမယ်က ပြောကြားခဲ့သည်။
"လူ ရာဂဏန်းလောက်က ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီး မီးရှို့ခဲ့ကြတာပါ" ဟု ၎င်းက ပြောကြားခဲ့ပြီး တစ်ချိန်တည်းလောက်မှာပင် ဒေသခံ လွှတ်တော်အမတ် အက်စ်အမ် ဂျီလာနီ၏ နေအိမ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ဟာဆီနာ ပြန်လာပါက သေဒဏ်စီရင်ခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ၎င်း၏ ပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံဝင်ရန် သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်၍ နောက်ထပ် ဥပဒေကြောင်းအရ အခွင့်အလမ်း မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားပြီး ရက်ပိုင်းအကြာတွင် ဟာဆီနာက သူသည်ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP