
Pika(NP News)-နိုဝင်ဘာ ၁၇
လုပ်ခလစာတိုးပေးဖို့အတွက် အလုပ်သမားသမဂ္ဂတွေက အစိုးရဝန်ထမ်းတွေကို ပြင်သစ်နိုင်ငံတစ်ဝန်း သပိတ်မှောက်ဆန္ဒပြကြဖို့ တိုက်တွန်းလိုက်တာကြောင့် ဆန္ဒပြပွဲအသစ်တွေ ပေါ်ပေါက်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြမှုတွေကြောင့် တင်းမာမှုတွေရှိနေမှုနဲ့အတူ အစိုးရကတင်းမာမှုတွေကို ဖြေလျှော့ဖို့ကြိုးပမ်းနေချိန်မှာပဲ အခုလိုကိစ္စရပ်တွေ ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပုဂ္ဂလိကကဏ္ဍအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့်ပေးခဲ့ပြီးနောက် အစိုးရဝန်ထမ်းတွေအတွက်ပါ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ သမဂ္ဂတွေက ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နုနဲ့လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ကျေနပ်လောက်တဲ့ရလဒ်တွေ မရရှိခဲ့တာကြောင့် ပြင်သစ်နိုင်ငံက အစိုးရဝန်ထမ်း(၅ဒသမ၈)သန်းခန့်ကို ဆန္ဒပြပွဲတွေမှာပါဝင်လာဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒီလိုမျိုးတိုက်တွန်းမှုတွေထဲမှာ အခုလအစောပိုင်းက လုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုလည်းပါဝင်ပြီး အလုပ်သမားသိန်းချီ ချီတက်ဆန္ဒပြခဲ့သလို မြို့အချို့မှာပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့ရတယ်လို့သိရပါတယ်။
ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နုစီစဉ်ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ သမဂ္ဂတွေက ပိုမိုပူးပေါင်းပါဝင်လာခဲ့ကြပြီး အစိုးရဘက်ကအဆိုပြုထားတဲ့ အစီအမံတွေက လက်ရှိလုပ်ခလစာကိစ္စနဲ့ပတ်သက်ပြီး အရေးတကြီးဖြေရှင်းပေးနိုင်မယ့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်တာမျိုးမရှိဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံမှာ အထက်တန်းကျောင်းတွေပိတ်ဆို့ခံရမှုနဲ့ နေထိုင်မှုစရိတ်မြင့်တက်လာခြင်းကိုဆန္ဒပြမှုတွေဖြစ်ပွားနေတာ အချိန်တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး လာမယ့်နှစ်မှာကျင်းပမယ့်သမ္မတရွေးကောက်ပွဲတွေမှာ လက်ယာစွန်းဝါဒီတွေက အာဏာရယူဖို့ မျှော်မှန်းလျက်ရှိတယ်လို့လည်း သိရပါတယ်။