
အမေရိကန်သည် ဖိလစ်ပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့လျက်ရှိပြီး အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်စီမံကိန်းကြီးတစ်ခုတွင်လည်း ဖိလစ်ပိုင်အစိုးရနှင့် လက်တွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာအား နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဖိလစ်ပိုင်အတွက် စစ်ရေးအထောက်အပံ့များကို တိုးမြှင့်ပေးခဲ့ပြီး ဒေါ်လာ ၅ ဘီလျံကျော် တန်ဖိုးရှိ လက်နက်ရောင်းချမှုများကို အတည်ပြုပေးခဲ့ကြောင်း ထရန့်က ဖိလစ်ပိုင် မနီလာမြို့တော်တွင်ပြုလုပ်သည့် အာဆီယံအစည်းအဝေးတွင် မားကို့စ်နှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၏ အလားအလာရှိသော အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် မဟာမိတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေလိမ့်မည်ဟု ထရန့်က ဆိုသည်။
"ဖိလစ်ပိုင်အနေနဲ့ သူ့ရဲ့ ပထမဆုံး ခေတ်မီနျူကလီးယားစီမံကိန်းမှာ အမေရိကန်နည်းပညာကို လက်ခံအသုံးပြုတာဟာ အရေးပါတဲ့ ဆက်ဆံရေးရဲ့ ခိုင်မာမှုကို ပေါ်လွင်စေမှာဖြစ်ပြီး နျူကလီးယားနဲ့ပတ်သက်လို့ အလွန်ကြီးမားတဲ့ အရာတစ်ခုခုကို ကျွန်တော်တို့ လုပ်ဆောင်ဖြစ်ဖို့ များပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
အလက်စကာ သဘာဝဓာတ်ငွေ့ တင်ပို့ရေး စီမံကိန်းတွင်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မိတ်ဖက်တစ်ဦး ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ပိုမိုကျယ်ပြန့်သည့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Reuters