Kanbawza Tai News

ထိုင်း-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် မကြာမီလက်မှတ်ရေးထိုးနိုင်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ကုန်သွယ်ရေး သဘောတူညီချက် သစ်အတွက် “သိသိသာသာ တိုးတက်မှုတွေ” ရရှိထားပြီး မကြာခင်မှာ လက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်ကြောင်း အင်္ဂါနေ့မှာ ပြောပါတယ်။

အဲဒီလို ပြောဆိုခဲ့တာက ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်း အဝေးရဲ့ ဘေးပန်း အစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦး ပူးတွဲကြေညာချက်တစ်ရပ် လက်မှတ်ရေး ထိုးပြီးနောက် ဖြစ်ပါတယ်။

Agreement on Reciprocal Trade (ART) လို့ ခေါ်တဲ့ အဲဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြား ပိုမိုခိုင်မာပြီး ထိရောက်တဲ့ မိတ်ဖက်ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာမယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။ ထရမ့်ကလည်း “ဒီနေ့ရရှိတဲ့ သဘောတူညီချက်က ပိုမိုခိုင်မာတဲ့ ကုန်သွယ်ရေး ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ချပြီး အမေရိကန်နဲ့ ထိုင်းနိုင်ငံကို အရင်ကထက် ပိုမိုနီးကပ်လာစေမှာဖြစ်တယ်” လို့ ပြောပါတယ်။

နှစ်နိုင်ငံကြား မူဘောင်သဘောတူညီချက်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကြေညာခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်တိုက်ပွဲတွေကြောင့် သေဆုံးမှုတွေ ဖြစ်ပွားပြီး နောက် ခဏတာ အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေက အသေးစိတ်အချက်တွေ သတ်မှတ်ဖို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အခုအချိန်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ အသက်ဝင်လာဖို့ အတွက် သက်ဆိုင်ရာ ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်အားလုံး ဖယ်ရှားပေးမှာ ဖြစ်သလို အမေရိကန်ထုတ် မော်တော်ယာဉ်၊ ဆေးဘက်ဆိုင်ရာပစ္စည်း၊ ဆေးဝါး၊ အီသနောနဲ့ ကြက်သားထုတ်ကုန်တွေအပေါ် အကောက်ခွန်မဟုတ်တဲ့ ကုန်သွယ်ရေးအတားအဆီးတွေကိုလည်း သိသိသာသာ လျှော့ချပေးမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက အမေရိကန်ထုတ် စိုက်ပျိုးရေးထုတ်ကုန်တွေကို ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖိုး ထပ်မံဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

“ တရားဝင်သဘောတူညီချက်ရဲ့ အသေးစိတ်အချက်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ထရမ့်က ပြောပါတယ်။

ဝန်ကြီးချုပ် အနုတင်ကလည်း ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုတက်ကြွလာပြီး သက်ဆိုင်သူတွေအတွက် အခွင့်အလမ်းအသစ်တွေ ပေါ်ပေါက်လာမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အမေရိကန်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး အမေရိကန်အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဘက်က ထိုင်းနဲ့ ကုန်သွယ်ရာမှာ ဒေါ်လာ ၇၁ ဒသမ ၇ ဘီလီယံ ကုန်သွယ်ရေးလိုငွေပြခဲ့ပါတယ်။

ဇူလိုင်လမှာတော့ အမေရိကန်က အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ စိုးရိမ်မှုတွေကို စုံစမ်းစစ်ဆေးမှု အတွင်း နိုင်ငံအများအပြားနဲ့အတူ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်က မူဘောင်သဘောတူညီချက်မှာတော့ ထိုင်းက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အပေါ် အခြေခံအခွန်နှုန်း ၁၉ ရာခိုင်နှုန်း သတ်မှတ်ထားပြီး နောက်ဆုံးအသေး စိတ်အချက်တွေကို အတည်ပြုဖို့ ကျန်နေသေးပါတယ်။

ဒါ့အပြင် နည်းပညာထုတ်ကုန်တွေအတွက် အရေးကြီးတဲ့ ရှားပါးမြေသတ္တုတွေ ကုန်သွယ်ရေးနဲ့ပ တ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နှစ်ဖက်စလုံးက စည်းနှောင်မှုမရှိတဲ့ နားလည်မှု စာချွန်လွှာ တစ်ရပ်ကိုလည်း သဘောတူခဲ့ကြပါတယ်။ ရှားပါးမြေသတ္တုတွေကို တရုတ်နိုင်ငံက ကမ္ဘာ့အများဆုံး ထုတ်လုပ်နေပါတယ်။

အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပါစီဝီတာနာကတော့ အင်္ဂါနေ့မှာ ခေါင်းဆောင်နှစ်ဦး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ညှိနှိုင်းဆွေးနွေးမှုတွေမှာ “သိသိသာသာ တိုးတက်မှု” ရှိလာတာကို ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့တာဟာ တရားဝင် ART သဘောတူညီချက် မဟုတ်သေးဘူးလို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုနဲ့ ဥပဒေရေးရာလုပ်ထုံးလုပ်နည်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့လည်း ဆိုပါတယ်။

Ref – Bangkok Post

မူရင်းသတင်း — Kanbawza Tai News