
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၈
နစကအစိုးရ တာဝန်ယူခဲ့သည့်စတင်ကာ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်မှ လက်ရှိ (၂၀၂၆) ခုနှစ် စက်တင်ဘာ (၃၀) ရက်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ (၃.၅၁၄) ဘီလီယံ ပြန်လည်ပေးဆပ်ထားကြောင်း နိုဝင်ဘာ (၁၈) ရက် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်းတွင်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ပကြွေးမြီအနေဖြင့် ဒီမိုကရေစီ ပထမအစိုးရလက်ထက် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီလက်ကျန် ကန်ဒေါ်လာ (၇.၉၁၈) ဘီလီယံ၊ ဒီမိုကရေစီ ဒုတိယအစိုးရ တာဝန်ယူသည့် (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ဒေါ်လာ (၉.၁၄၈) ဘီလီယံ ရှိလာခဲ့ပြီး (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်ရောက်ရှိချိန်တွင် ဒေါ်လာ (၁၂.၀၈၃) ဘီလီယံအထိ မြင့်တက်လာကြောင်းသိရသည်။
“ကျွန်တော်တာဝန်ယူတဲ့ ကာလမှာ ကြွေးမြီတွေ ရအောင်ပြန်ဆပ်ပါတယ်။ ရနိုင်သလောက် အကြွေးတွေ ပြန်ဆပ်ပါတယ်" ဟု ဦးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်ပကြွေးမြီလက်ကျန်အဖြစ် အမေရိကန်ဒေါ်လာ (၁၂.၀၈၃) ဘီလီယံရှိခဲ့သော်လည်း (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်၊ စက်တင်ဘာ (၃၀) ရက်ရောက်ရှိချိန်တွင် ကြွေးမြီလက်ကျန် ဒေါ်လာ (၈.၅၆၉) ဘီလီယံသာ ကျန်ရှိကြောင်းသိရသည်။
“အကြွေးဆပ်ပေမယ့်လည်း ပြည်ပကနေ ချေးငွေတွေ၊ ထောက်ပံ့ငွေတွေ မရပါဘူး။ ကမ္ဘာ့ဘဏ်တို့၊ ADB တို့၊ တစ်ချို့ တစ်ဦးချင်းပေးတဲ့ ဂျပန်နိုင်ငံတို့ စသဖြင့် ပေးတာတွေ ရှိပါတယ်။ ဒါတွေက ဘာတစ်ခုမှ မရပါဘူး”ဟု ဦးမင်းအောင်လှိုင်က ပြောသည်။
ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်ချက်အရ နိုင်ငံ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး ကျေးလက်ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဦးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
