CarsDB

ရန်ကုန်မြို့ရဲ့ အငှားယာဉ်ဈေးကွက်ထဲ ရွေးချယ်စရာတွေ ပိုများလာတာ ဘာကြောင့် ကောင်းလဲ

ရန်ကုန်မြို့ရဲ့ နေ့စဉ်သွားလာရေးမှာ အွန်လိုင်းအငှားယာဉ် အသုံးပြုမှုက မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာတာနဲ့အမျှ ဈေးကွက်ထဲမှာ ဝန်ဆောင်မှုပေးသူတွေ ပိုများလာတာဟာ အားလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့တစ်ခုလို့ မြင်မိပါတယ်။

အရင်က အွန်လိုင်းကနေ ကားငှားမယ်ဆိုရင် Grab လို ဝန်ဆောင်မှုကြီးတစ်ခုတည်းကိုပဲ အဓိက အားကိုးခဲ့ကြရပါတယ်။ ဒါပေမဲ့ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ မိုးရွာတဲ့အချိန်မျိုးတွေမှာ ဝယ်လိုအားများပြီး ယာဉ်ငှားခတွေ မြင့်တက်တတ်တာက သဘာဝဖြစ်သလို၊ တစ်ဖက်မှာလည်း ယာဉ်မောင်းတွေအနေနဲ့ စနစ်ပိုင်းဆိုင်ရာ ကော်မရှင်ခ ပေးဆောင်ရမှုတွေ ရှိနေတာကြောင့် အကျိုးအမြတ် တွက်ခြေကိုက်ဖို့ ချိန်ဆနေရတဲ့ အခြေအနေတွေ ရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Fary နဲ့ Go Bee လို ပြည်တွင်းအငှားယာဉ် App တွေ ထွက်ပေါ်လာတာဟာ ဈေးကွက်ကို ပိုပြီး မျှတသွားစေပါတယ်။ ပြည်တွင်း App တွေအနေနဲ့ ယာဉ်မောင်းတွေအတွက် ကော်မရှင်ခ သက်သာအောင် စီစဉ်ပေးတာ၊ ခရီးသည်တွေအတွက် သင့်တင့်တဲ့ ဈေးနှုန်းတွေ ဖန်တီးပေးတာဟာ ဈေးကွက်ယှဉ်ပြိုင်မှုရဲ့ ကောင်းကျိုးတွေပါပဲ။ ဒါ့အပြင် အင်တာနက်လိုင်း အခက်အခဲရှိတဲ့အချိန် ဒါမှမဟုတ် အရေးပေါ် သွားလာဖို့ လိုအပ်တဲ့အခါမျိုးမှာ ဖုန်းဆက်ရုံနဲ့ အလွယ်တကူ ခေါ်ယူနိုင်တဲ့ ကီလိုတက္ကစီတွေ ရှိနေတာကလည်း ခရီးသွားပြည်သူတွေအတွက် အရန်ရွေးချယ်စရာတစ်ခုအဖြစ် အတော်လေး အသုံးဝင်ပါတယ်။

လက်ရှိမှာတော့ ယာဉ်အင်အား တောင့်တင်းမှုနဲ့ ဝန်ဆောင်မှုကွန်ရက် ကျယ်ပြန့်မှုကြောင့် Grab ဟာ အဓိက နေရာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမဲ့ ပြည်တွင်း App တွေနဲ့ ကီလိုတက္ကစီတွေ အပြိုင်အဆိုင် ဝင်ရောက်လာတာဟာ ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုရတာမျိုး မဟုတ်တော့ဘဲ ခရီးသည်ရော ယာဉ်မောင်းပါ မိမိတို့ အဆင်ပြေရာကို စိတ်ကြိုက်ရွေးချယ်ခွင့် ရလာစေမယ့် ကျန်းမာတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတစ်ခုအဖြစ် ရှုမြင်မိပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

မူရင်းသတင်း — CarsDB