
■ အိမ်၊ မြေ၊ ကား အရောင်းအဝယ်များ၌ အကြောင်းအမျိုးမျိုးဖြင့် အခွန်တိမ်းရှောင်နေဟု ဆို
အခွန်များ တိုးရလာပါက လစာ၊ စရိတ်များ တိုးပေးနိုင်မည့် အနေအထားရှိပြီး လစာတိုးပေးနိုင်ရန်အတွက်လည်း တွက်ချက်နေခြင်းကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် လစာတိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခွန်တွေ တိုးရပြီဆိုရင်တော့ ကျွန်တော်တို့ လစာ၊ စရိတ်တွေလည်း တိုးပေးနိုင်မယ့် အနေအထားလေး ရှိတယ်ဆိုတာလေးလည်း ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုတွက်နေပါတယ်။ လစာ တိုးပေးနိုင်ဖို့အတွက်လည်း တွက်နေပါတယ်။ ဒါလည်း ကျွန်တော် ထင်ပါတယ်၊ လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာတိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိကတော့ တိုင်းပြည် ဝင်ငွေရဖို့ကတော့ အဓိကကျတယ်။ လက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။ ဒီထက် ပိုရမယ်ဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဒီလစာနဲ့ပတ်သက်ပြီးတော့ ပြောချင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
တိုင်းပြည်၏ အစိုးရတွင် ဝင်ငွေရရှိရေးက အရေးကြီးပြီး အစိုးရ၏ ဝင်ငွေသည် အများအားဖြင့် အခွန်အခမှ ရရှိခြင်းဖြစ်ကြောင်း၊ မိမိတို့၏ GDP နှင့် ရရှိသည့်အခွန်အခ အချိုးချကြည့်ရာတွင် ၂၀၂၅- ၂၆ တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး လာမည့် ၂၀၂၆ -၂၇ တွင် ၉ ဒသမ ၅ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ ဒါပေမဲ့ အဲ့ဒါတော့ ကျွန်တော် tax rate မတိုးဘဲနဲ့ tax base ပဲ တိုးမှာဖြစ်ပါတယ်။ တကယ်လို့ အခွန် သေချာကောက်မယ်ဆိုရင် ဒီထက်မက ရနိုင်စရာရှိပါတယ် ။ ကျွန်တော်တို့ အခွန်တွေ တိမ်းရှောင်နေတဲ့အခွန်တွေ လိုက်ပြီးတော့ အမျိုးစုံပေါ့ဗျာ၊ အကြောင်းအမျိုးမျိုး တိမ်းရှောင်ကြတာပေါ့။ ဥပမာအားဖြင့် အိမ်တွေ ရောင်းကြ၊ မြေတွေ ရောင်းကြတယ်။ ရောင်းရင် တစ်ဘီလျံ ရောင်းတယ်။ တကယ်စာရင်းပြတာက သန်း ၅၀၀ ပဲ ဖော်ပြတယ်။ ၅၀၀ ကို ဒါလုပ်ကြတယ်။ နောက်တစ်ခါ သက်ဆိုင်ရာ စည်ပင်သာယာ သတ်မှတ်ထားတဲ့ဈေးနဲ့ တကယ့်မြေပြင်မှာ ပေါက်တဲ့ဈေးက ကွာဟချက်ရှိတော့ စာချုပ်ချုပ်တဲ့အခါမှာ စည်ပင်သာယာ သတ်မှတ်ထားတဲ့ဈေးနဲ့ စာချုပ်ချုပ်တယ်။ တကယ် ပေါက်တဲ့ဈေးနဲ့ မချုပ်ဘူး။ အဲ့ဒါတွေ ကွာဟချက်မှာ အခွန်တွေ ကျွန်တော်တို့ လွတ်တာ ရှိပါတယ်” ဟု ပြောကြားသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်မှ စတင်ပြီး စိစစ်ခဲ့ခြင်းကြောင့် အခွန် ဘီလျံ ၁၀၀ ခန့် တိုး၍ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
“ ဒီလိုပဲ မော်တော်ကား ရောင်းတယ်။ မော်တော်ကား ရောင်းတဲ့အခါမှာလည်း ကားဈေးတွေကို လျှော့ပြီးတော့မှ စာချုပ်ချုပ်တာပေါ့။ ဥပမာအားဖြင့် နောက်တစ်ခုက EV ကားတွေ ထုတ်တယ်။ စက်ရုံမှာထုတ်တဲ့ လူကကျတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ဈေးအတိုင်း ရောင်းရတယ်။ အခွန်ကလည်း သူ့ သတ်မှတ်ထားတဲ့ဈေးအတိုင်း ဆောင်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ EV ကား အပြင်ရောက်တဲ့အချိန်မှာ သန်း ၂၀၀၊ ၃၀၀ ဈေးပြောင်းလဲသွားပါတယ်။ တချို့ကားတွေဆို လေး/ငါးရာအထိ ပြောင်းလဲသွားတာ ရှိပါတယ်။ ကျွန်တော်တို့ သိပါတယ်၊ ဒီဟာကို သိပါတယ်။ အဲ့ဒါ အဲ့ဒီမှာလည်း အဲ့ဒီ ဝယ်ရောင်းလုပ်တဲ့ လူတွေကနေ ဒီဟာတွေကို အကျိုးအမြတ် ရယူပြီး ဆောင်ရွက်နေတာလည်း ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ဒါတွေကိုလည်း ကျွန်တော်တို့က ဒီ tax တွေပေါ့၊ ပြီးပြည့်စုံစွာ ရရှိရေးအတွက်လည်း ကိုယ်စားလှယ်တော်ကြီးများကလည်း မြို့နယ်တွေ ရောက်တဲ့အခါမှာလည်း နည်းနည်းလေး စိစစ်ကြည့်စေလိုပါတယ်။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့အခြေအနေပါ” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ ရန်ပုံငွေ တိုးမြှင့်နိုင်ရန်အတွက်လည်း ဝင်ငွေရရှိသည့်အပေါ်တွင် မူတည်နေခြင်းကြောင့် အခွန်နှင့်ပတ်သက်ပြီး စိစစ်ပေးနိုင်ရန်အတွက် အကြံပြုလိုပါကြောင်း၊ တိုင်းပြည် ဝင်ငွေရရှိရေးအတွက် ကုန်သွယ်မှုဝင်ငွေ ရရှိရန် ထုတ်လုပ်မှု တိုးမြှင့်နိုင်အောင်လည်း ကိုယ်စားလှယ်ကြီးများက ရောက်ရှိသည့်နေရာများ၌ တိုက်တွန်းပေးစေလိုပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။