
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရုံး ခန်းမ (ကုန်သွယ်ရေးဝင်း) အတွင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ( MAVO) က ကြီးမှူး၍ တန်ဆောင်တိုင် ထောပတ်သီး ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ထောပတ်သီးစားသုံးမှု မြှင့်တင်နိုင်ရန်နှင့် ထောပတ်သီးအပါအဝင် ရှမ်းပြည်နယ်ဒေသထွက်ကုန် ပစ္စည်း များကို တစ်နေရာတည်းတွင် စုစည်းဝယ်ယူနိုင်ရန် ရည်ရွယ်၍ “တန်ဆောင်တိုင်နှင့်အတူနွှဲပျော် ထောပတ်သီး ပွဲတော်” ခေါင်းစဉ်ဖြင့် ထောပတ်သီးအပါအဝင် ရှမ်းပြည်နယ်ဒေသထွက်ကုန် အစားအသောက်၊ အသီးအနှံများ ရောင်းချနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ကြီးတန်ဆောင်တိုင်ကို အလည်လာရင်းနဲ့ ပြန်တဲ့အခါမှာ ဒေသထွက်ကုန်တွေကို တစ်နေရာထဲမှာ စုစု စည်းစည်း လာဝယ်လို့ ရအောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ထောပတ်သီးအပြင် ရှမ်းပြည် ဒေသထွက် လက်ဖက်၊ ကော်ဖီတို့၊ အစားအသောက်၊ အဝတ်အထည် အကုန်လုံး ရောင်းချနိုင်ဖို့ စီစဉ်ထားပါတယ်။ လုပ်ငန်းရှင် တွေအနေနဲ့ ဆိုင်ခန်းဝယ်ပြီးတော့ လာရောက်ရောင်းချလို့ ရပါတယ်” ဟု ထောပတ်သီးပွဲတော် ဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
အဆိုပါ ထောပတ်သီးပွဲတော်တွင် ရှမ်းပြည်နယ်ဒေသထွက် ထောပတ်သီးအမျိုးမျိုးအပြင် ဒေသထွက်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအဝတ်အစားများကိုလည်း တစ်နေရာတည်းတွင် စုံလင်စွာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွက် ဆိုင်ခန်းပေါင်း ၄၀ ခန့် စီစဉ်ထားပြီး အတွင်းပိုင်းတွင် ၂၃ ခန်းနှင့် အပြင်ပိုင်းတွင် ၁၆ ခန်း ပါဝင်မည် ဖြစ်ကာ ဆိုင်ခန်းဈေးနှုန်းများအနေဖြင့် အတွင်းပိုင်းဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၃ သိန်းနှင့် အပြင်ပိုင်းဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၁ သိန်းခွဲခန့် သတ်မှတ်ထားကြောင်း သိရသည်။
ထို့အပြင် ပွဲတော်အတွင်း ထောပတ်သီးနှင့်ပတ်သက်သည့် ဂိမ်းကစားနည်းများ၊ ထောပတ်သီးကို အစားအသောက် အမျိုးမျိုး အဖြစ် ပြုလုပ်စားသုံးနိုင်သည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြခြင်းများလည်း ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မြန်မာ့ထောပတ်သီး နှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ကို ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။