
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
ထိုင်းနိုင်ငံ နောင်ခိုင်ခရိုင်မှာ ဒေသခံ ၁၇ ဦးရဲ့ ဆီးထဲမှာ အာဆင်းနစ်ဓာတ် ပါဝင်မှုဟာ သတ်မှတ်ထားတဲ့ ရည်ညွှန်း အဆင့်ထက် မြင့်နေတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။ တစ်ဖက်မှာလည်း မဲခေါင်မြစ်မှာ ငါးဖမ်းသူတွေက ကိုယ် ပေါ်မှာ အဖုတွေနဲ့ အနာတွေရှိတဲ့ နာမကျန်းတဲ့ငါးတွေ တွေ့လာရတယ်လို့ ပြော ပါ တယ်။ ဒီသတင်းတွေကြောင့် ငါးဝယ်သူတွေက မဝယ်ရဲတော့ဘူးလို့ ငါးရောင်းသူတွေက ပြောပါတယ်။
နောင်ခိုင်ခရိုင်မှာ လည်း ဒေသခံအများအပြားက မဲခေါင်မြစ်ကို အလုပ်အကိုင်နဲ့ အသက်မွေး ဝမ်းကျောင်း အတွက် အားထားနေကြရတာဖြစ်ပြီး အခုလို မဲခေါင်မြစ်မှာ အာဆင်းနစ်အပါအဝင် သတ္တုအဆိပ်အတောက်တွေ ညစ်ညမ်း နေပြီး မြစ်တစ်လျှောက် မှာ နေထိုင်ကာ အသက်မွေး ဝမ်းကျောင်းလုပ်ကိုင်နေရ သူတွေကို ထိခိုက်လာပါတယ်။
ဥဒွန်သာနီ သဘာဝပတ်ဝန်းကျင်နဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးရဲ့ စက်တင်ဘာလ စစ်ဆေးချက်အရ မဲခေါင်မြစ်ထဲမှာ အာဆင်းနစ်ပမာဏက ဆန်ခွန်ခရိုင်မှာ တစ်လီတာကို ၀.၀၁၁ မီလီဂရမ်၊ နောင်ခိုင်မြို့နယ်မှာ ၀ ဒသမ ၀၁ မီလီဂရမ်နဲ့ ဖွန်ဖိဆိုင်းခရိုင်မှာ ၀ ဒသမ ၀၁၂ မီလီဂရမ် ရှိပါတယ်။
ရောဂါထိန်းချုပ်ရေးဌာနက နောင်ခိုင်မြို့နယ် ဟတ်ခမ်းနဲ့ ဟင်ငွမ်းခွဲရပ်ကွက်တွေ အပါအဝင် အနီးဝန်းကျင် ဒေသတွေ မှာ နေထိုင်သူတွေကို စစ်ဆေးခဲ့ပြီး နမူနာ ၁ , ၆၄၄ ခု ရယူခဲ့ပါတယ်။ အဲဒီထဲက လူ ၁၇၇ ဦးရဲ့ ဆီးနမူနာတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့ရာ အာဆင်းနစ်အန္တရာယ် အလယ်အလတ် ကနေ မြင့်မားတဲ့အဆင့်အထိ ရှိနေတယ်လို့ ဌာနက ပြောပါတယ်။
အဲဒီထဲက လူ ၁၇ ဦးရဲ့ ဆီးထဲမှာ အာဆင်းနစ်ပမာဏဟာ တစ်လီတာကို မိုက်ခရိုဂရမ် ၁၀၀ ထက် ကျော်နေပါတယ်။ သူတို့ကို နောင်ခိုင်ဆေးရုံမှာ ဆက်လက်စစ်ဆေးဖို့ လွှဲပြောင်းပေးထားပြီး ကိုယ်ခန္ဓာစစ်ဆေးတာ၊ သွေးဆဲလ် အရေအတွက်နဲ့ အသည်းလုပ်ဆောင်ချက်တွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
နောင်ခိုင်က မဲခေါင်မြစ်မှာ ငါးဖမ်းတဲ့ ခမ်ဖိုင် ဆိုင်ဆူဒါ က အသက် ၂၀ အရွယ်ကတည်းက မဲခေါင်မြစ်မှာ ငါးဖမ်း လာတာဖြစ်ပြီး အရင်က ငါးအမျိုးအစားစုံစုံလင်လင် ဖမ်းမိပေမယ့် အခုတော့ မြစ်အခြေအနေ ပြောင်းလဲလာတယ်လို့ ပြောပါတယ်။ အခုအခါ ငါးတွေမှာ အဖုတွေနဲ့ အနာတွေ တွေ့လာရပြီး ငါးဖမ်းရရှိမှုလည်း သိသိသာသာ လျော့ကျ လာတယ်လို့ ဆိုပါတယ်။ အဲဒီလိုသတင်းတွေ ထွက်လာပြီးနောက် လူတွေက မဲခေါင်မြစ်ငါးတွေကို အရင်လို မဝယ်ရဲ တော့ဘူးလို့လည်း ပြောပါတယ်။
ပြည်နယ် ၇ ခုကို လွှမ်းခြုံထားတဲ့ မဲခေါင်မြစ်ဝှမ်း လူထုအဖွဲ့အစည်းကွန်ရက် ဥက္ကဋ္ဌ က မဲခေါင်မြစ်မှာ နာမကျန်းတဲ့ ငါးတွေ တွေ့လာပြီးနောက် အဖွဲ့ဝင်တွေ စတင်ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ အဖွဲ့က မဲခေါင်မြစ်ထဲက ငါးတွေကို လစဉ် စစ်ဆေးနေပြီး သတ္တုအဆိပ်အတောက် ညစ်ညမ်းမှုတွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
အာဆင်းနစ်ပမာဏဟာ လွိုင်၊ နောင်ခိုင်၊ ဘွင်ကန်နဲ့ နခွန်ဖနုမ် ပြည်နယ် ၄ ခုမှာ ဆက်လက်မြင့် တက်နေတယ်လို့ ပြောပါတယ်။ လွိုင်မှာ သတ်မှတ်ရည်ညွှန်းအဆင့်ထက် ၄ ဆကျော် မြင့်နေပြီး နောင်ခိုင်မှာ ၂ ဆကနေ ၃ ဆအထိ မြင့်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မဲခေါင်မြစ်ငါးအသားကို စားလို့ရသေးတာကြောင့် လူတွေ အရမ်းစိုးရိမ်စရာမလိုဘူးလို့ မဲခေါင်မြစ်ဝှမ်း လူထု အဖွဲ့အစည်းကွန်ရက် ဥက္ကဋ္ဌ က ပြောပါတယ်။ ငါးအသားက စားဖို့ ဘေးကင်းပေမယ့် အတွင်းကလီစာနဲ့ အူတွေကို တော့ မစားသင့်ဘူးလို့ ဆိုပါတယ်။ လောလော ဆယ်မှာလည်း ခရု၊ ပုစွန်လို မြစ်အောက်ခြေမှာ နေတဲ့ ရေနေ သတ္တဝါတွေကို ရှောင်သင့်တယ်လို့ ပြောပါတယ်။
Ref – Khaosod