
အရှေ့တီမောဝန်ကြီးချုပ် ဇာနာနာ ဂူစ်မောင်သည် နိုဝင်ဘာ ၁၇ ရက်က ဖိလစ်ပိုင်နိုင်ငံ ပါဆေးမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတွင် အကအဖွဲ့နှင့်အတူ ပါဝင်ကခုန်ခဲ့သဖြင့် တက်ရောက်လာသူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ဂူစ်မောင်သည် ဖိလစ်ပိုင်ပေါ့ပ်ဂီတအဖွဲ့ SB19 ၏ “Together in Motion” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေသည့် အကအဖွဲ့ကို တွေ့မြင်ပြီးနောက် ထိုင်ခုံမှထကာ ၎င်းတို့နှင့်အတူ ကခုန်ခဲ့ခြင်းဖြစ်သည်။ အကအဖွဲ့ဝင်များကလည်း ဝန်ကြီးချုပ်ကို ဝမ်းမြောက်စွာ ကြိုဆိုပြီး အတူကခုန်ခဲ့ကြသဖြင့် ပရိသတ်များက သဘောကျခဲ့ကြသည်။
၎င်းသည် မနီလာမြို့သို့ ရောက်ရှိနေစဉ်အတွင်း အကြိမ်ကြိမ် ကခုန်ခဲ့သည်ကိုလည်း တွေ့ရသည်။ မနီလာသို့ ၎င်းစတင်ရောက်ရှိစဉ် ဖိလစ်ပိုင်လူငယ်အနုပညာရှင်များက လေဆိပ်၌ကြိုဆိုခဲ့စဉ်ကလည်း အတူကခုန်ခဲ့ကာ အခမ်းအနားဖွင့်ပွဲညကလည်း ကခုန်ခဲ့သည်။
ယခုကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသည် အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် တက်ရောက်သည့် အာဆီယံထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။
အရှေ့တီမော၏ အဖွဲ့ဝင်ဖြစ်လာမှုကို ထင်ဟပ်စေရန် အာဆီယံအလံနှင့် အဖွဲ့၏အမှတ်တံဆိပ်ကိုလည်း ပြင်ဆင်ထားပြီး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံစီကို ကိုယ်စားပြုသည့် စပါးနှံပုံ ၁၀ ခုအစား ၁၁ ခုအဖြစ် တိုးမြှင့်ထည့်သွင်းထားသည်။ ပိတ်ပွဲအခမ်းအနားတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက စင်ကာပူထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ABS-CBN
Photo: PPA Pool
#အာဆီယံထိပ်သီးအစည်းအဝေး #ပိတ်ပွဲအခမ်းအနား #အရှေ့တီမောဝန်ကြီးချုပ် #ပါဝင်ကခုန် #elevennews