Eleven Media Group

■ ၁၉၇၇ ခုနှစ်တွင် လွှတ်တင်ခဲ့သော ဗွိုင်ယေဂျာ-၁ အာကာသယာဉ် ကမ္ဘာမှ အလင်းတစ်ရက်တာသွားသည့် အကွာအဝေးဖြစ်သည့် မိုင် ၁၆ ဘီလျံသို့ရောက်ရှိနေ

အာကာသထဲ ခရီးနှင်နေသည်မှာ နှစ် ၅၀ နီးပါးရှိပြီဖြစ်သော နာဆာ၏နာဆာ၏ဗွိုင် ယေဂျာ-၁ အာကာသယာဉ်သည် နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာမှ အလင်းနှစ် တစ်ရက်တာအကွာအဝေးသို့ရောက်သွားသည့်မှတ်တိုင်အား စိုက်ထူလိုက်သည်ဟု သိရသည်။

စကြဝဠာထဲ အဝေးဆုံးကို ရောက်နေသော လူသားဖန်တီးသည့် အာကာသယာဉ်သည် ယခုအခါ ကမ္ဘာမှ ၂၅ ဘီလျံ ကီလိုမီတာ (မိုင် ၁၆ ဘီလျံ) အကွာအဝေးကိုရောက်နေသည်ဟု အမေရိကန်အာကာသအေဂျင် စီ နာဆာ၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုအကွာအဝေးသည် ၂၄ နာရီတွင် အလင်းမှုန်သွားနိုင်သော အကွာအဝေးဖြစ်သည်။

သမိုင်းတွင်သော စွမ်းဆောင်မှုသည် အာကာသ မည်မျှကျယ်ပြောသလဲဆိုသည်ကို အကောင်းဆုံးသရုပ်ဖော်မှုဖြစ်သည်ဟု နာဆာမှ တစ်ဖနီကာတာရီယာက ပြောကြားခဲ့သည်။

"ကျွန်မတို့ အများကြီးအိပ်မက်နေတာကတော့ အခြားကြယ်တာရာစနစ်တွေဆီ သွားဖို့ပဲဖြစ်ပါတယ်"ဟု သူက AFP ကို ပြောသည်။

"ပြီးတော့ ဗွိုင်ယေဂျာ-၁ ဟာ ကျွန်မတို့ရဲ့ကိုယ်ပိုင်နေအဖွဲ့အစည်းရဲ့အစွန်းကို ရောက်ဖို့ နှစ် ၅၀ လောက်ကြာခဲ့တာပါ။ အဲဒီအချိန်ဟာ အလင်းသွားနှုန်းရဲ့တစ်ရက်တာပဲရှိပါသေးတယ်"ဟု တစ်ဖနီကာတာရီယာက ပြောသည်။

သူက များပြားလှသော နေအဖွဲ့အစည်းပြင်ပရှိဂြိုဟ်အဖွဲ့အစည်းများထံရောက်ရှိရေးသည် အနည်းဆုံး အလင်းနှစ် ခုနစ်နှစ်ကြာမည်ဟု နှိုင်းယှဉ်ပြောကြားခဲ့သည်။

၁၉၇၇ ခုနှစ်တွင် လွှတ်တင်လိုက်သော ဗွိုင်ယေဂျာ-၁ နှင့် ဗွိုင်ယေဂျာ-၂ တို့သည် မိမိတို့နေအဖွဲ့အစည်းအလွန်ရှိနယ်မြေဖြစ်သော ဂြိုဟ်တစ်ခုနှင့်တစ်ခုကြားရှိ အာကာသကို ရောက်သွားသည့် အာကာသယာဉ်များဖြစ်ကာ နှစ်စင်းစလုံးသည် အာကာသထဲတွင် ဆက်လက်ခရီးနှင်နေဆဲဖြစ်သည်။

ကမ္ဘာမှ ပို့လိုက်သော Messages များ ဗွိုင်ယေဂျာ-၁ ထံ ရောက်ရန် ၂၄ နာရီခန့်ကြာမြင့်ပြီး အလားတူ ဗွိုင်ယေဂျာ-၁ မှ ပြန်ပို့သော Messages များ မြေပြင်ရှိ အဖွဲ့များထံ ရောက်ရှိရန်လည်း ၂၄ နာရီခန့်ကြာမြင့်သည်။

ယင်းအာကာသယာဉ် နှစ်စင်းစလုံးသည် ရွှေဓာတ်ပြားချပ်များကို သယ်ဆောင်ထားသည်။ ၃၀ စင်တီမီတာ(၁၂ လက်မ)ရှိပြီ ရွှေရည်စိမ်ထားသော ကြေးနီချပ်များက ကျွန်ုပ်တို့ကမ္ဘာ၏အကြောင်းကို အခြားကမ္ဘာမှဂြိုဟ်သားများအား ရှင်းပြပေးရန်ဖြစ် ရည်ရွယ်သည်။

ကင်မရာများလို ဗွိုင်ယေဂျာ-၁ တွင် တပ်ထားသော ပစ္စည်းကိရိယာအချို့ကို ပါဝါချွေတာရန် အလို့ငှာ အဝေးမှ ပိတ်ထားသည်ဆိုသော်လည်း အာကာသယာဉ်သည် သံလိုက်စက်ကွင်းများလို မမြင်နိုင်သော ဖြစ်စဉ်များကို ဆက်လက် လေ့လာနေသည်ဟု ကာတာရီယာက ပြောကြားသည်။

ယင်းအာကာသယာဉ်များက စုဆောင်းပေးသော အချက်အလက်များကို သုတေသနပညာရှင်များက လေ့လာကြသည်ဟု ကာတာရီယာက ပြောသည်။ ကြယ်များကြားရှိ ဖုန်များ၊ အခြားအရာများကိုလည်းကောင်း၊ ကျွန်ုပ်တို့၏နေနှင့် အခြားသော ကြယ်များအကြားရှိ ဖုန်များနှင့် အခြားသော အရာများကို လေ့လာနိုင်သည်ဟု ဆိုသည်။

ဗွိုင်ယေဂျာ ၁ နှင့် ၂ တို့သည် ဂြိုဟ်ကြီးများဖြစ်သော ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ်တို့အပြင် ယူရေးနပ်စ်၊ နက်ပကျွန်းတို့ပါဝင်သော နေအဖွဲ့အစည်းအပြင်လွှာကို ယခင်တုန်းက စူးစမ်းခဲ့ပြီးပြီဟု သိရသည်။

Ref:AFP
#ဗွိုင်ယေဂျာ-၁ အာကာသယာဉ် ##ကမ္ဘာမှအလင်းတစ်ရက်တာသွားသည့် အကွာအဝေး #မိုင် ၁၆ ဘီလျံသို့ရောက်ရှိနေ #elevennews

မူရင်းသတင်း — Eleven Media Group