
မန်ယူအသင်း၏ နည်းပြသစ် ပိုချက်တီနိုသည် နိုဝင်ဘာ(၁၈)ရက် မနေ့က မန်ယူအသင်းနှင့် စတင်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ပိုချက်တီနိုသည် နိုဝင်ဘာ(၁၃)ကတည်းက မန်ယူအသင်းနှင့် (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုထားပြီးဖြစ်သော်လည်း နိုင်ငံတကာရက်သတ္တပတ်အတွင်း အမေရိကန်လက်ရွေးစင်အသင်းကို ဆက်လက်ကိုင်တွယ်ခဲ့သည့်အတွက် ယခုမှ မန်ယူအသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိုချက်တီနိုသည် အမေရိကန်အသင်းကို ကွန်ကာကက်ဖ် Nations League ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း၏နည်းပြသစ် ပိုချက်တီနိုကို လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မန်စီးတီးနှင့် အမေရိကန်လက်ရွေးစင်ကစားသမားဟောင်း ဒါမားကပ်စ်ဘီစလေက ''မန်ချက်စတာက အပြာရောင်ပါ၊ အမြဲတမ်းအပြာရောင် ဖြစ်နေမှာပါ'' ဟု နောက်ပြောင်ပြောကြားသည်။
ပိုချက်တီနိုက ''အဲဒီလို ဖြစ်စရာမရှိပါဘူး။ ခင်ဗျား မြင်တွေ့ပါလိမ့်မယ်။ ကျွန်တော့်ကို အချိန်ပဲ ပေးပါ။ အဲဒါကို ပြောင်းလဲပစ်လိုက်ပါ့မယ်'' ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ပိုချက်တီနိုသည် မန်ယူနည်းပြဘဝ ပထမဆုံးပွဲအဖြစ် လာမည့်တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့ကြောင့် ယင်းပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရန် အနားယူခြင်းမရှိဘဲ မန်ယူအသင်းနှင့် အမြန်ဆုံးပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ပိုချက်တီနိုက ပြောကြားခဲ့သည်။