
#World_Health
Published 19 November 2026
■ အခုနောက်ပိုင်း ဝိတ်ကျဆေးတွေ လူကြိုက်များလာတာနဲ့အမျှ GLP-1 ဆေးတွေကို ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏထက် နည်းနည်းလျှော့ပြီး သုံးစွဲကြည့်သူတွေလည်း များလာပါတယ်။
■ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆေးရဲ့ အကျိုးကျေးဇူးကို ဆက်ရရှိနေစေဖို့၊ အစာစားချင်စိတ်ကို ထိန်းထားနိုင်ဖို့နဲ့ ပျို့အန်တာလို ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ပါ။
■ ဒါပေမဲ့ ဒီလို ဆေးပမာဏလျှော့သုံးတဲ့နည်းလမ်းက တကယ်အလုပ်ဖြစ်ရဲ့လား။ ဘေးကင်းရဲ့လား။ ရေရှည်မှာ ဝိတ်ကို ထိန်းထားနိုင်ပါ့မလား။
■ ဆရာဝန်တွေကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေအထောက်အထားတွေ အခုထိ မလုံလောက်သေးဘူးလို့ သတိပေးထားပါတယ်။
■ GLP-1 ဆေးကို Microdosing လုပ်တယ်ဆိုတာ ဘာလဲ။
■ Reddit ပေါ်က GLP-1 microdosing ဆွေးနွေးတဲ့အဖွဲ့တစ်ခုမှာ အသုံးပြုသူတစ်ယောက်က Tirzepatide ဆေးကို ပမာဏနည်းနည်းနဲ့ သုံးခဲ့တာကြောင့် ကိုယ်အလေးချိန် ပေါင် ၅၀ ကျော် ကျသွားတယ်လို့ ရေးထားပါတယ်။
■ တချို့ကလည်း ဆေးပမာဏလျှော့သုံးတဲ့အခါ ဗိုက်ဆာတာ သက်သာလာတယ်၊ မုန့်စားချင်စိတ် နည်းလာတယ်၊ အစားအသောက်ကိုလည်း အရင်လို မရှောင်ရတော့ဘူးလို့ ပြောကြပါတယ်။
■ ဒီလိုအတွေ့အကြုံတွေကြောင့် GLP-1 ဆေးတွေကို ပမာဏနည်းနည်းနဲ့ သုံးစွဲတဲ့ Microdosing ဆိုတဲ့ နည်းလမ်းက စိတ်ဝင်စားစရာဖြစ်လာတာပါ။
■ GLP-1 ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးတွင်းသကြားဓာတ်၊ အစာစားချင်စိတ်နဲ့ ဗိုက်ပြည့်တင်းမှုကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။
■ ဒီဟော်မုန်းရဲ့ လုပ်ဆောင်ချက်ကို အခြေခံထားတဲ့ ဆေးတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဆေးအမျိုးအစားနဲ့ အသုံးပြုခွင့်ရထားတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။
■ ဝိတ်ကျရုံနဲ့ ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ ပြောလို့ရမလား။
■ ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။
■ လူအများစုက GLP-1 ဆေးသုံးတဲ့အခါ ကိုယ်အလေးချိန် ဘယ်လောက်ကျသွားလဲဆိုတာကိုပဲ အဓိကကြည့်တတ်ကြပါတယ်။
■ တကယ်တော့ ဒီဆေးတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ဟာ ဝိတ်ကျဖို့တစ်ခုတည်း မဟုတ်ပါဘူး။
■ အထူးသဖြင့် အဝလွန်သူတွေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းညှိပေးဖို့နဲ့ အခြားဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးအချက်တွေကို ကောင်းမွန်စေဖို့လည်း ရည်ရွယ်ပါတယ်။
■ ဒါကြောင့် ဆေးပမာဏနည်းနည်းသုံးပြီး ဝိတ်ကျသွားတယ်ဆိုတာနဲ့ သွေးတွင်းသကြားဓာတ်ကိုလည်း ကောင်းကောင်းထိန်းပေးနိုင်တယ်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။
■ အထူးသဖြင့် HbA1c လို့ခေါ်တဲ့ လွန်ခဲ့တဲ့ ၃ လဝန်းကျင်အတွင်း သွေးတွင်းသကြားဓာတ် ပျမ်းမျှအခြေအနေကို ဖော်ပြတဲ့ တိုင်းတာချက်အပေါ် Microdosing ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုရှိမလဲဆိုတာ သေချာမသိရသေးပါဘူး။
■ ဒီအချက်ကြောင့်ပဲ လူမှုကွန်ရက်ပေါ်က ကိုယ်တွေ့အတွေ့အကြုံတွေကို အခြေခံပြီး Microdosing က ထိရောက်တဲ့ ကုသမှုနည်းလမ်းတစ်ခုလို့ သတ်မှတ်လို့ မရတာပါ။
■ ဆေးပမာဏလျှော့လိုက်ရင် ဘေးထွက်ဆိုးကျိုးတွေ လုံးဝမဖြစ်တော့ဘူးလား။
■ အဲဒီလိုတော့ မဟုတ်ပါဘူး။
■ ဆေးပမာဏနည်းသွားရင် ဘေးထွက်ဆိုးကျိုးတွေ လုံးဝပျောက်သွားမယ်လို့ အာမခံလို့မရပါဘူး။
■ တချို့သူတွေမှာ ဆေးပမာဏနည်းနည်းနဲ့တောင် ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်ဖောင်းတာနဲ့ အက်ဆစ်ပြန်တက်တာတွေ ဖြစ်နိုင်ပါသေးတယ်။
■ ဒါ့အပြင် ဝိတ်ကျတဲ့အခါ သတိထားရမယ့် နောက်ထပ်အချက်တွေလည်း ရှိပါတယ်။
■ ၁။ ကြွက်သားထု လျော့နည်းခြင်း
ဝိတ်ကျနေချိန်မှာ ပရိုတင်းဓာတ် လုံလောက်စွာ မစားဘူး၊ ကြွက်သားအားကစား (Resistance Exercise) မလုပ်ဘူးဆိုရင် အဆီနဲ့အတူ ကြွက်သားထုပါ လျော့နည်းသွားနိုင်ပါတယ်။
■ ၂။ သည်းခြေကျောက်တည်ခြင်း
ကိုယ်အလေးချိန် အလွန်မြန်မြန်ကျတာက သည်းခြေကျောက်တည်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
■ ၃။ ရေဓာတ်ခန်းခြောက်ခြင်း
ပျို့အန်တာ၊ အစာစားနည်းတာနဲ့ အရည်မလုံလောက်တာတွေကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။
■ ဒီလိုအန္တရာယ်တွေဟာ ဆေးပမာဏတစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ ဝိတ်ကျနေစဉ် ကိုယ်ခန္ဓာကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သလဲဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။
■ အဓိက သိထားရမှာက ဆေးနည်းနည်းသုံးတာက ပိုကောင်းတယ်ဆိုတာမျိုး မဟုတ်ပါဘူး။
■ အရေးကြီးတာက ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ဆေးပမာဏဖြစ်ဖို့၊ ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ရေရှည်မှာ ကျန်းမာရေးအတွက် အမှန်တကယ်အကျိုးရှိဖို့ပါ။
■ GLP-1 Microdosing ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ ဘေးကင်းမှု၊ ထိရောက်မှုနဲ့ ရေရှည်အကျိုးကျေးဇူးတွေကို အတည်ပြုဖို့အတွက် ဆေးပညာဆိုင်ရာ သုတေသနတွေ အများကြီးထပ်မံလိုအပ်နေပါသေးတယ်။
Source- India Today