Eleven Media Group

သတင်းထောက်ဘဝကို ပြန်အမှတ်ရစေခဲ့တဲ့ ဂျာကာတာခရီးစဉ်

Written By - အောင်မင်းသန့်

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Group ရဲ့တာဝန်ပေးအပ်မှုအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့က ိုခရီးတစ်ခေါက်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ Eleven Media Group ကို အသက် ၁၆ နှစ်အရွယ် ၂၀၀၄ ခုနှစ်ကလည်းက အလုပ်သင်အယ်ဒီတာဘဝနဲ့စတင်ရောက်ရှိခဲ့သူဖြစ်ပြီး သတင်းမီဒီယာသမားလုပ်သက် ၂၂ နှစ်အတွင်းပြည်ပခရီးစဉ်တွေကိုလည်း သုံး-လေးကြိမ်ထက်မနည်း သွားရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်သွားတဲ့ခရီးစဉ်ကတော့ ကျွန်တော့်အတွက် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တာ Eleven Media Group မှာ အလုပ်သင်အယ် အယ်ဒီတာဘဝကနေ၊ လက်ထောက်အယ်ဒီတာ၊ အယ်ဒီတာ၊ အကြီးတန်းအယ်ဒီတာစတဲ့ ရာထူးတာဝန်တွေ အဆင့်ဆင့်ထမ်း ဆောင်ခဲ့တဲ့ ကာလတစ်လျှောက် အားကစားသတင်းဌာနမှာ အဓိကတာဝန်ယူခဲ့သူတစ်ယောက်ဖြစ်လို့ပါ။ Eleven Media Group ရဲ့ တာဝန် ပေးအပ်မှုအရ ကျွန်တော်ဟာ ၂၀၁၅ စင်ကာပူဆီးဂိမ်းစ် ၊ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်နဲ့ ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲတွေကို သတင်းထောက်အဖြစ် သွားရောက်သတင်းရယူပြီး First Eleven Sports Journal ၊ Premier Eleven Sports Journal ၊ Weekly Eleven News Journal ၊ Daily Eleven နေ့စဉ်သတင်းစာနဲ့ Eleven Broadcasting သတင်းဌာနတွေမှာ အားကစားသတင်းတွေ၊ သတင်းဆောင်းပါးတွေ၊ အင်တာဗျူးအစီ အစဉ်မတွေများစွာကို တင်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်သွားရတဲ့ ဂျာကာတာ ခရီးစဉ်က ၂၀၀၉ နောက်ပိုင်း ခုနစ်နှစ်ကြာမှ တစ်ကျော့ပြန်သွားဖြစ်တဲ့ ပြည်ပခရီးစဉ်ဖြစ်သလို သွားရတဲ့အကြောင်းအရာ ကလည်း ကျွန်တော်ရဲ့ မေဂျာ Subject မဟုတ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားစေနခဲ့ရတာဖြစ်ပါတယ်။

ဂျာကာတာခရီးစဉ် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့ (Economic Research Institute for ASEAN and East Asia-ERIA) ကဖိတ်ကြားခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် အရှေ့အာရှမီဒီယာဆွေးနွေးပွဲ(2nd East Asia Media Caucus) ကိုမြန်မာကိုယ်စားပြုမီဒီယာအဖြစ် တစ်ဦးတည်းတက်ရောက်ခွင့်ရခဲ့ပါတယ်။ ERIA ဟာအရှေ့တောင်အာရှနဲ့အာရှဒေသမှာ အရေးပါတဲ့ နိုင်ငံတကာသုတေသနအဖွဲ့ အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဩစတြေးလျ၊ ဘရူနိုင်း၊ ကမေ႓ာဒီယား၊ အင်ဒိုနီးရှား၊တရုတ်၊အိန္ဒိယ၊ ဂျပန်၊လာအို၊ မလေးရှား၊ မြန်မာ၊နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ တီမော၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ ပါဝင်ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဂျာကာတာမြို့မှာရှိတဲ့ရှိတဲ့ ERIA ချုပ်မှာ နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ မီဒီယာကိုယ်စားပြု ၁၇ ဦးနဲ့အတူ ဂျာကာတာအခြေစိုက် ဒေသခံဂျာနယ်လစ် ၁၅ ဦး စုစုပေါင်း ၃၂ ဦးတက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီခရီးစဉ်ကို ERIA က တာဝန်ယူစီစဉ်ပေးခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှာ Thai Airways လေကြောင်းလိုင်းနဲ့ ရန်ကုန်-ဘန်ကောက်၊ ဘန်ကောက်-ဂျာကာတာ လေယာဉ်နှစ်ဆင့်စီးပြီးတော့ ကြိုတင်သွားရောက်ဖြစ်ခဲ့ပါတယ်။ ဂျာကာတာလေဆိပ်ရောက်ရှိချိန်မှာတော့ တည်းခိုမယ့်ဟိုတယ်ကို ထိုင်းနိုင်ငံအခြေစိုက် The Nations သတင်းဌာနက Frnace Han Shih နဲ့အတူ ကားတစ်စီးတည်း အတူသွားရောက်ခဲ့ရပြီး သူကလည်း ဖော်ရွေတဲ့သူတစ်ယောက်ဖြစ်လို့ လမ်းတစ်လျှောက်မှာ စကားတွေပြော၊ မိတ်ဆက်ရင်းနဲ့ ကျွန်တော်တို့ကြားမှာ အတန်အသင့် ရင်းနှီးမှုရခဲ့ပါတယ်။

ဒါဟာ ကျွန်တော့်အတွက်တော့ ဂျာကာတာမြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်လို့ ဟိုတယ်ကိုသွားနေတဲ့ လမ်းတစ်လျှောက် လမ်းမပေါ်က မြင်ကွင်းတွေကိုလည်း သတိထားပြီး ကြည့်ရှုလေ့လာဖြစ်ခဲ့ပါတယ်။ ဒီ နေရာမှာ ကျွန်တော်သတိထားမိတဲ့ အဓိကအချက်တစ်ခုက ဂျာကာတာဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ အာဆီယံရဲ့အဓိကမြို့ကြီး တစ်ခုဖြစ်တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ရဲ့ ရုံးခွဲအပါအဝင် ကမ္ဘာကျော် အမှတ်တံဆိပ်တွေရဲ့ရုံးဌာနတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ ဂျာကာတာမြို့ကို ကျွန်တော်ရောက်ရှိချိန်မှာ ည ၆ နာရီကျော်ပြီဖြစ်လို့ အမှောင်ထုဖုံးလွှမ်းနေပြီဖြစ်ပြီး လမ်းတစ်လျှောက်မြင်ရတဲ့ မြင်ကွင်းတွေကြောင့် နည်း နည်းတော့ အံ့အားသင့်ခဲ့ရပါတယ်။

လမ်းတစ်လျှောက် မိုးမျှော်အဆောက် အအုံတွေ၊ ဟိုတယ်ကြီးတွေ၊ စျေးဝယ်စင်တာတွေကို မျက်စိတစ်ဆုံးမြင်ခဲ့ရပေမဲ့ ထူးခြားတာတစ်ခုက နေရာအများစုမှာမီးကို ထိန်လင်းနေအောင် မထွန်းထားဘဲ မှောင်နေတာတွေ၊ ခပ်မှိန်မှိန်ဖြစ်နေတာတွေပါပဲ။ လမ်းတွေပေါ်မှာလည်း လမ်းမီးတွေ သိပ်မရှိဘဲ တချို့နေရာတွေမှာဆိုရင် လုံးဝကိုမှောင်နေလို့ လမ်းလျှောက်သွားရင် စိတ်ချရပါ့မလားဆိုတဲ့အတွေးလည်း ဝင်မိသွားပါတယ်။ သူတို့ကိုယ်တိုင်လည်း လမ်းလျှောက်တာထက်ကားတွေ၊ အထူးသဖြင့် ဆိုင်ကယ်တွေနဲ့ပဲ သွားလာနေကြတာကိုတွေ့ခဲ့ရပါတယ်။ တည်းခိုရမယ့် Fairmont Jakarta ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ဖြစ်ပြီး ဟိုတယ်ကို ဝင်တဲ့လမ်းကနေ ဆင်ဝင်အောက်ရောက်ချိန်အထိ မီးလုံးဝမထွန်းထားတာကို တွေ့ရချိန်မှာတော့ သူတို့အနေနဲ့ စွမ်းအင်သုံးစွဲမှုကို တတ်နိုင်သလောက်ချွေတာဖို့ လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ သတိပြုမိခဲ့ပါတယ်။

နောက်တစ်နေ့ နံနက်မှာတော့ ဆွေးနွေးပွဲကျင်းပမယ့် ERIA ရုံးချုပ်ရှိတဲ့ Sentral Senayan II တာဝါ ၁၅ လွှာကို သွားရောက်ဖြစ်ခဲ့ပါတယ်။ Fairmont ဟိုတယ်နဲ့ ဆွေးနွေးပွဲကျင်းပမယ့်နေရာက ကျောချင်းကပ်ဖြစ်ပြီး မြေအောက်ကနေ ဥမင်လမ်းဖောက်ထားလို့ တကူးတကသွားစရာမလိုဘဲ လမ်းလျှောက်သွားလို့ရအောင် ERIA က စီစဉ်ပေးထားတာပါ။ ဆွေးနွေးပွဲအစီအစဉ်ကိုတော့ နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ခေါင်းစဉ်သုံးခု ခွဲပြီးပြုလုပ်ခဲ့ပါတယ်။

အပိုင်း ၁ အဖြစ် “မသေချာမရေရာသော ကမ္ဘာ့အခြေအနေများအတွင်း အာဆီယံ၏စွမ်းအင်လုံခြုံရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းစေခြင်း” ၊အပိုင်း ၂ အဖြစ် “စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အာဆီယံဒေသတွင်း သာယာဝပြောရေး စကြ ႍလမ်းကြောင်းများ”၊ အပိုင်း ၃ အဖြစ် “အာဆီယံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဆက်သွယ်တင်ပြခြင်းတွင် မီဒီယာ၏အခန်းကဏ္ဍ” စတဲ့ ခေါင်းစဉ်တွေကို ERIA တာဝန်ရှိသူတွေ အပါအဝင် အာဆီယံဗဟိုစွမ်းအင်ဌာန၊ ASCOPE (အာဆီယံနိုင်ငံများအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးသည့်အဖွဲ့အစည်း)၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေနဲ့ တက်ရောက်လာကြတဲ့ နိုင်ငံပေါင်းစုံရဲ့ ဂျာနယ်လစ်တွေက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ညနေပိုင်းပြုလုပ်တဲ့ ဆွေးနွေးပွဲ အပိုင်း ၃ အစီအစဉ်မှာတော့ ဂျာနယ်လစ်အားလုံးနီးပါးက အမေရိကန်-အီရန်စစ်ပွဲကြောင့် လောင်စာဆီစွမ်းအင်အကျပ်အတည်းကြုံတွေ့ရချိန်မှာ မိမိတို့နိုင်ငံရဲ့ တုံ့ပြန်ဖြေရှင်းပုံတွေနဲ့ အနာဂတ်မှာ ဘယ်လိုဆက်ပြီးလုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုမှာ မြန်မာကိုယ်စားပြုအဖြစ် ကျွန်တော်က “မြန်မာနိုင်ငံရဲ့ အတွေ့အကြုံအရ လောင်စာဆီပြတ်လပ်မှုကို သုံးစွဲမှုကန့်သတ်ခြင်းတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဆီရှားပါးတဲ့ကာလမှာ အစိုးရတာဝန်ရှိသူတွေက ဆီခွဲတမ်းစနစ်၊ QR Code စနစ်အရ ဆီဖြန့်ဖြူးမှုစနစ်၊ ကား တွေကို စုံ/မ ခွဲခြားပြီး မောင်းနှင်ခွင့်ပြုတဲ့ စနစ်တွေကို မိတ်ဆက်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံဟာ ပြည်ပကတင်သွင်းတဲ့ လောင်စာအပေါ် အလွန်အမင်းမှီခိုနေရပြီး လုံလောက်တဲ့ သိုလှောင်မှုမရှိဘူးဆိုရင် အရင်းခံပြဿနာကို အပြီးသတ်ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့အတွေ့အကြုံအရ အကျပ်အတည်းကို ချက်ချင်းရင်ဆိုင် ဖြေရှင်းခြင်းနဲ့ ရေရှည်စွမ်းအင်လုံခြုံရေးစီမံကိန်းရေးဆွဲခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဖော်ပြနေပါတယ်”လို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ဂျာနယ်လစ်တွေအားလုံး အပြန်အလှန်မိတ်ဆက်စကားပြောခဲ့ကြပြီး အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ဖြစ်ခဲ့ပါတယ်။ ညနေပိုင်းမှာ ERIA က စီစဉ်ပေးတဲ့ ညစာကို ဒေသခံ အင်ဒိုနီးရှားစားသောက်ဆိုင်တစ်ခုမှာ အတူသွားစားသောက်ခဲ့ကြပါတယ်။ ညစာစားပွဲမှာ ရိုးရာအစား အသောက်တွေအပြင် အဖျော်ယမကာတွေလည်း ပါဝင်တာကြောင့် ညနေပိုင်းစကားဝိုင်းတွေက နေ့လယ်ပိုင်းဆွေးနွေးပွဲထက် ပိုပြီးပွင့်လင်းမြင်သာရှိသလို နွေးထွေးမှုကိုလည်း ခံစားခဲ့ရပါတယ်။ Eleven Media Group ကို မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ERIA ရဲ့ အကြီးတန်းဆက် သွယ်ရေးအကြံပေး Kavi Chongkittavorn က NLD အစိုးရလက်ထက် မြန်မာနိုင်ငံမှာ လာရောက်နေထိုင်ခဲ့ဖူးပြီး ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတာကြောင့် သူနဲ့ကျွန်တော်ရဲ့ စကားဝိုင်းက နီးစပ်မှုပိုရှိပြီး အတူထိုင်နေကြတဲ့ ဂျပန်နဲ့ အင်ဒိုနီးရှားက ဂျာနယ်လစ်တွေကလည်း စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ကြပါတယ်။

နောက်တစ်ရက် ညနေပိုင်းမှာတော့ Thai Airways လေကြောင်းလိုင်းနဲ့ ဂျာကာတာ-ဘန်ကောက်၊ ဘန်ကောက်-ရန်ကုန် အပြန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ERIA ရဲ့ ဆွေးနွေးပွဲက အဆင်ပြေပြေနဲ့ပြီးသွားလို့ ကြိုတင်စိတ်မောရတာတွေ အဆုံးသတ်သွားပြီလို့ ထင်ထားခဲ့ပေမဲ့ မထင်မှတ်ဘဲ ဂျာကာတာလေဆိပ်မှာ ကြုံခဲ့ရတဲ့အဖြစ်ကြောင့် စိတ်မောလူမောအခြေအနေ ထပ်ပြီးကြုံခဲ့ရပါသေးတယ်။ လေဆိပ် Check-in ကောင်တာမှာ ခရီးသည်တစ်ဦးကို ခရီးဆောင်အိတ်(Luggage)တစ်လုံးစီပဲ လက်ခံတာကြောင့် ကျွန်တော်ပါသွားတဲ့(Tripod)ကို ထည့်ယူခွင့်မပေးဘဲ Hand Carry အဖြစ် ယူသွားရာကနေ စတင်ခဲ့တာပါ။ ရန်ကုန်လေဆိပ်မှာလည်း အလားတူအခြေအနေ ကြုံခဲ့ရပေမဲ့ ရန်ကုန်- ဘန်ကောက်-ဂျာကာတာ ခရီးစဉ်တစ် လျှောက် ဘာအခက်အခဲမှမရှိဘဲ Tripod ကို ယူခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှားလဝက တာဝန်ရှိသူတွေက လုံခြုံရေးအရ Tripod ကို Hand Carry အဖြစ် လုံးဝသယ်ခွင့်မပေးသလို ကျွန်တော်ရှင်းပြတာကိုလည်း လက်မခံခဲ့ပါဘူး။ ကျွန်တော်က အလာမှာလည်း ဒီလေကြောင်းလိုင်းနဲ့ ဒီခရီးစဉ်ကိုပဲလာခဲ့ပြီး အားလုံးအဆင် ပြေပြေဖြစ်ခဲ့တယ်လို့ဆိုပေမဲ့ သူတို့ကတော့ အဝင်ကိုရပေမဲ့ အင်ဒိုနီးရှားဘက်ကအထွက်ကိုတော့ ခွင့်မပြုနိုင်ဘူးလို့ပဲ တွင်တွင်ပြောခဲ့ကြတယ်။ အဲဒါနဲ့ Check-In ကောင်တာဆီ ပြန်သွားပြီး လေယာဉ်အောက်ပိုင်းကိုပဲထည့်ဖို့ကြိုးစားပေမဲ့ ဝန်ဆောင်ခ အင်ဒိုနီးရှားရူပီး သန်း ၃၀(ဒေါ်လာ ၁၇၀)တောင်းနေတာကြောင့် ဘယ်လိုမှမတတ်နိုင်ဘဲ Tripod ကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။(ရန်ကုန်မှာ အဲဒီ Tripod တစ်ခုကို ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ပေးရပါတယ်)။

အဲဒီအချိန်မှာ လေယာဉ်က Boarding ခေါ်ဖို့ အချိန်ကပ်နေပြီဖြစ်လို့ အပြေးတစ်ပိုင်းနဲ့သွားရင်း စိတ်ရောလူပါ ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်ခဲ့ရပါတယ်။ အပြန်ခရီးစဉ်ကတော့ လေယာဉ်ထွက်ချိန်တွေ နည်းနည်းစီ နောက်ကျတာကလွဲရင် အဆင်ပြေပြေနဲ့ပဲ အမိမြေဆီ ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်က အချိန်အားဖြင့် ရက်ပိုင်းလောက်ပဲ ကြာခဲ့ပေမဲ့နိုင်ငံတကာက မီဒီယာတွေ၊ ဂျာနယ်လစ်တွေနဲ့ဆုံခွင့်ရပြီး အတွေ့အကြုံတွေ မျှဝေနိုင်ခဲ့တာကြောင့် တစ်ချိန်က အားကစားသတင်းထောက်ဘဝနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့အချိန်တွေကို ပြန်အမှတ်ရစေတဲ့ ခရီးစဉ် တစ်ခုဖြစ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group