
တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကာလအတွင်း မော်တော်ယာဉ် ရပ်နားခ စျေးအဆမတန် မြင့်တက် နေသဖြင့် ပွဲလာသူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။
ကွင်းနှင့် နီးလျှင် နီးသလို မော်တော်ဆိုင်ကယ် အပ်နှံခ ငါးထောင် ကျပ် မှ တစ်သောင်း ကျပ် အထိ စျေးနှုန်း အမျိုးမျိုး ရှိကာ၊ Click မော်တော်ဆိုင်ကယ် ဆိုလျှင် နှစ်သောင်း ကျပ် အထိ စျေးနှုန်း တောင်းနေကြောင်း သိရသည်။
မီးပုံးပျံကွင်းနှင့် နီးသော နေအိမ်များသည်လည်း ယာဉ်ရပ်နားခ ကောက်ခံခြင်း ကို လုပ်ကိုင်ကြသည်။
“အမှန်ပဲ ။ ကားအပ်မယ်ဆိုပြီး ဝင်တာ။ စျေးမေးတော့ ၅၀၀၀၀ ကနေ အစားစားရှိတယ်တဲ့ ။ ည ၁၂ ထိဆို ၅ သောင်းကျမယ်ပြောတာ ။ ဒါတောင် ခု ၉ နာရီကနေ ည ၁၂ ထိပဲ၊ မိုးလင်းပေါက် အထိ ဆိုရင် ၂ သိန်း အထိ ရှိတယ်။ အကုန်လိုက်မေးထားပြီးပြီ။ အတွင်းထဲက ပါကင်ကော ။ ဧရာဝတီရှေ့က ပါကင်တွေရော ။ ရှမ်းရိုးမတိုက်တန်းက ပါကင်တွေရောပဲ” ဟု တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ကားအပ်နှံသူ တစ်ဦးက ပြောကြားသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီက ယာဉ်ရပ်နားခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် တစ်တန်အောက် ၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ကားကြီး ၂၀၀၀၀ ကျပ် ကောက်ခံရန် သတ်မှတ်ထားသော်လည်း မော်တော်ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် ၃၀၀၀၀ ကျပ် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံကွင်းအတွင်း ဝန်ထမ်းများ မော်တော်ယာဉ် ရပ်နားကွင်း ကို ယာဉ်ဝင်ခွင့် ကတ်ပြား ရှိသော ယာဉ်များသာ ဝင်ခွင့်ပြုထားကာ ပြင်ပယာဉ်များ ဝင်ရောက်ခွင့် မပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင် ကာလအတွင်း ပွဲတော် စည်းကမ်းချက်၊ သတ်မှတ်ချက်အား မလိုက်နာသူများကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ် တန်ဆောင်တိုင်ပွဲတော်များတွင် လေလံ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်မဟုတ်ကြောင်း ဦးစီးကော်မတီက စည်းကမ်းသတ်မှတ် ထုတ်ပြန်ထားသည်။