
အမေရိကန်နှင့် အီရန်ကြားတင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ် ကူးပါးသည် နိုဝင်ဘာ ၁၈ ရက်က အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစ္စရေး စစ်ဘက်အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယယ် ဇာမီယာ၊ မော့ဆက် ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ရိုမန် ဂေါ့ဖ်မန်နှင့် CENTCOM တပ်မှူးတို့အကြား သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကူးပါးနှင့် ဇာမီယာတို့သည် အစ္စရေးလေတပ် အကြီးအကဲ ဗိုလ်ချုပ် အိုမာ တစ်ရှ်လာအပါအဝင် နှစ်နိုင်ငံ စစ်တပ်နှစ်ခုစလုံးမှ အဆင့်မြင့် တပ်မှူးကြီးများနှင့်အတူ ပူးတွဲလေ့လာသုံးသပ်ချက်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးအတွင်း တက်ရောက်လာသူများသည် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ဘုံလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အီရန်၏ ကျွန်းတစ်ကျွန်းကို အမေရိကန်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်မှ ၎င်းတို့နိုင်ငံများအပေါ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ကြောင်း ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Ref: AFP