
တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းသား ၅၅၀,၀၀၀ ခန့် ဝင်ရောက်ဖြေဆိုမည့် ကိုးနာရီကြာ တက္ကသိုလ်ဝင်စာမေးပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်နေပြီဖြစ်ရာ စာမေးပွဲမကျင်းပမီ စာမေးပွဲစင်တာများအနီးရှိ အများသုံး Wi-Fi ဝန်ဆောင်မှုများကို ယာယီပိတ်ထားမည်ဟု သိပ္ပံဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
တစ်နှစ်လျှင်တစ်ကြိမ်သာ ကျင်းပသည့် အဆိုပါစာမေးပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်သည့် တောင်ကိုရီးယားနိုင်ငံတွင် နာမည်ကျော်တက္ကသိုလ်များ တက်ရောက်ခွင့်၊ လစာကောင်းသည့် အလုပ်အကိုင်များနှင့် ပိုမိုကောင်းမွန်သည့် အိမ်ထောင်ရေးအလားအလာများ ရရှိစေနိုင်သည့် အလွန်အရေးပါသော စာမေးပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
ယခုနှစ်စာမေးပွဲတွင် AI အသုံးပြု၍ မသမာမှု ကျူးလွန်နိုင်ခြေများကြောင့် အာဏာပိုင်များက ယခင်နှစ်များထက် ပိုမိုတင်းကျပ်သည့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားသည်။ ထို့ပြင် တောင်ကိုရီးယားသမ္မတက AI အသုံးပြု၍ စာမေးပွဲမသမာမှုများကို ဖော်ထုတ်တိုင်ကြားသူများအား ဒေါ်လာ ၇၅,၀၀၀ ဆုကြေးပေးရန်အထိ အဆိုပြုထားသည်။
စာမေးပွဲစင်တာများမှ မီတာ ၁၀၀ အတွင်းရှိ အများသုံး Wi-Fi ဝန်ဆောင်မှုများကို နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီမှစတင်ကာ နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ထားမည်ဖြစ်သည်။
ထို့ပြင် စာမေးပွဲမစမီ နံနက် ၈ နာရီ မိနစ် ၄၀ တွင် အရေးပေါ်သတိပေးချက်တစ်ကြိမ် ပေးပို့မည်ဖြစ်ပြီး နောက်တစ်ကြိမ်ကို ကြိုတင်မသိနိုင်သည့်အချိန်တွင် ပေးပို့သွားမည်။ သတိပေးချက်က စာမေးပွဲဖြေဆိုနေချိန်အတွင်း၌လည်း ထွက်ပေါ်လာနိုင်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် စာမေးပွဲစည်းမျဉ်းအရ အပ်နှံထားရမည့် စမတ်ဖုန်းများကို မအပ်သည့် ကျောင်းသားကျောင်းသူများ၏ ဖုန်းများကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်သည်။
တောင်ကိုရီးယားတွင် ယခုနှစ်အတွက် နိုင်ငံအဆင့် အခွန်စာရင်းကိုင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိခဲ့သူက AI အသုံးပြု၍ မသမာသည့်နည်းဖြင့် စာမေးပွဲဖြေဆိုခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ဝန်ခံလိုက်ပြီးနောက် ယခုကဲ့သို့ တင်းကျပ်သည့် အစီအမံများ ပြုလုပ်လာခြင်းဖြစ်သည်။ အမှတ်ပြည့်နီးပါး ရရှိခဲ့သည့် ၎င်းအမျိုးသားက စာမေးပွဲမေးခွန်းများကို မိုက်ခရိုကင်မရာဖြင့် ဓာတ်ပုံရိုက်ယူပြီး AI ထံသို့ပေးပို့ကာ ရရှိလာသည့် အဖြေများကို ဖုန်းဖြင့်ကြည့်ရှုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်။
Ref: AFP