
ALynn (NP News) - နိုဝင်ဘာ ၁၉
(၁၉၄၈) ခုနှစ်၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကို တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အား ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် အမှုတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) ၌ အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် အုပ်စုအား လျော်ကြေးပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကာ ဂမ်ဘီယာ၏ အခြားတင်သွင်းတောင်းဆိုချက် အားလုံးကိုမူ ပယ်ချခဲ့သည်။
အပြီးသတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိဘဲ အမှုသည်နှစ်ဖက်စလုံးအပေါ် စည်းနှောင်မှုရှိသော တရားရုံး၏ စီရင်ချက်ပါ အဓိကဆုံးဖြတ်ချက်အပိုဒ်တွင် အချက် (၁၃) ချက်ဖြင့် ထည့်သွင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရားရုံး၏ ပထမဆုံး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စု (၎င်းတို့အခေါ်) အပေါ် Genocide Convention ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်လျက် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်သော လူပုဂ္ဂိုလ်များ၏ ကျူးလွန်မှုကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲဖြင့် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် စာချုပ်အပိုဒ် (၃) ပါ ကျူးလွန်မှုများကို အပြစ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ခံမဲ (၁၁) မဲ၊ ကန့်ကွက်မဲ (၄) မဲ ဖြင့်လည်းကောင်း၊ စာချုပ်ပါ ပြဋ္ဌာန်းချက်များ အသက်ဝင်စေရန် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းပေးရမည့် တာဝန်ကို ချိုးဖောက်ခဲ့ကြောင်း ထောက်ခံမဲ (၁၄) မဲ၊ ကန့်ကွက်မဲ (၁) မဲ နှင့်လည်းကောင်း၊ (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃) ရက်စွဲပါ ကြားဖြတ်စီမံချက် အမိန့်အပိုဒ် ၈၆ (၃) အရ သက်သေအထောက်အထားများ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကို ချိုးဖောက်ခဲ့ကြောင်း ထောက်ခံမဲ (၁၁) မဲ၊ ကန့်ကွက်မဲ (၄) မဲ ဖြင့် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် စာချုပ်ပါ တာဝန်ဝတ္တရားများကို အပြည့်အဝ အသက်ဝင်စေမည့် ဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့် လက်ရှိချိုးဖောက်နေမှုမှန်သမျှကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထောက်ခံမဲ (၁၄) မဲ၊ ကန့်ကွက်မဲ (၁) မဲ ဖြင့် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် (၂၀၁၇) ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများနှင့် ဆက်စပ်၍ စာချုပ်အပိုဒ် (၃) နှင့် ဆန့်ကျင်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယရှိဖွယ်ရာ ပုဂ္ဂိုလ်အားလုံးကို ချက်ချင်း ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆို အပြစ်ပေးရမည်ဖြစ်ကြောင်း ထောက်ခံမဲ (၁၃) မဲ၊ ကန့်ကွက်မဲ (၂) မဲ ဖြင့် ဆုံးဖြတ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် အနာဂတ်၌ အလားတူ ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရန် အာမခံချက်နှင့် ကတိကဝတ်များ ပေးအပ်ရန် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ နှင့် စီရင်ချက်အပိုဒ် (၆၁၅) ပါ မူလအခြေအနေသို့ ပြန်လည်ထူထောင်ပေးရေး အစီအမံများကို ကျင့်သုံးဆောင်ရွက်ရန် ထောက်ခံမဲ (၁၀) မဲ၊ ကန့်ကွက်မဲ (၅) မဲ) ဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
လျော်ကြေးပေးဆောင်ရေးနှင့် ပတ်သက်၍ မူလအခြေအနေသို့ ပြန်လည်ထူထောင်ပေးခြင်းဖြင့် မပြေလည်နိုင်သေးသည့် ပျက်စီးဆုံးရှုံးမှုများအတွက် ရိုဟင်ဂျာအုပ်စု (၎င်းတို့အခေါ်) နှင့် ယင်းအုပ်စုဝင်များအား လျော်ကြေးပေးဆောင်ရန် တာဝန်ရှိကြောင်း ထောက်ခံမဲ (၁၀) မဲ၊ ကန့်ကွက်မဲ (၅) မဲဖြင့် ဆုံးဖြတ်ခဲ့သည်။
ယင်းလျော်ကြေး သို့မဟုတ် အခြားပြန်လည်ကုစားပေးမှုဆိုင်ရာ ပမာဏနှင့် နည်းလမ်းများကို တရားရုံးက ဆုံးဖြတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စီရင်ချက်ချမှတ်သည့်နေ့မှစ၍ နှစ်နှစ်အတွင်း အပိုဒ် (၆၂၅) ပါ အစီရင်ခံစာကို တရားရုံးသို့ ပေးပို့တင်ပြရမည်ဖြစ်ကာ အမှု၏ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို တရားရုံးက ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်သည်။
နောက်ဆုံးဆုံးဖြတ်ချက်အနေဖြင့် တရားရုံးက တညီတညွတ်တည်း မဲဖြင့် ဂမ်ဘီယာသမ္မတနိုင်ငံ၏ အခြားတင်ပြတောင်းဆိုချက် အားလုံးကို ပယ်ချခဲ့သည်။

