Myanmar Transparency News

APEC ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်သုံးဦးက သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်

၁၉.၁၁.၂၀၂၆.
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာဗဟိုချက်ဖြစ်သော ရှန်ကျန်းမြို့တွင် ကျင်းပနေသည့် နှစ်စဉ် ကျင်းပမြဲဖြစ်သော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရောက်ရှိနေကြသည့်အနက် အမေရိကန်ပြည်ထောင်စုနိုင်ငံ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့အား နိုဝင်ဘာလ ၁၉ ရက်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သီးခြားစီ တွေ့ဆုံခဲ့ပြီး နောက်တစ်ဆင့်အနေဖြင့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်သုံးဦးက နေ့လယ်ပိုင်းတွင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၉ ရက်တွင် နေ့လယ်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် ထရမ့်ပ်နှင့် အဆိုပါခေါင်းဆောင် နှစ်ဦးတို့၏ သမိုင်းဝင်သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပေါ် ယခုအခါ လူအများက အာရုံစိုက် စောင့်ကြည့်နေကြသည်။

ရှီကျင့်ဖျင်နှင့်နှစ်ဦးချင်းတွေ့ဆုံစဉ် ထရမ့်ပ်က ၎င်းတို့နှစ်ဦးကြားရှိ “ထူးကဲကောင်းမွန်သော ကိုယ်ရေးကိုယ်တာဆက်ဆံရေး” ကို ချီးကျူးပြောဆိုခဲ့ပြီး၊ ယင်းဆက်ဆံရေးသည် နိုင်ငံနှစ်နိုင်ငံစလုံးမှ ပြည်သူများအတွက် အလွန်အကျိုးရှိကြောင်းလည်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များကို ပိုမိုဝယ်ယူရန် ၎င်း၏ ကြာရှည်စွာ တောင်းဆိုထားချက်ကို ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို၊ အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မဖြေရှင်းနိုင်သေးသည့် အခြေအနေတွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးတွင် အကျိုးစီးပွားတူညီမှုရှိကြောင်းလည်း ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ထရမ်ပ်က တရားဝင် နှစ်နိုင်ငံတွေ့ဆုံပွဲ ထက် ပိုမိုပေါ့ပါးသော ပုံစံဖြင့် ပူတင်နှင့် ထိုင်၍ ဆွေးနွေးခဲ့ကာ ပူတင်ကို “ကျွန်တော့်မိတ်ဆွေ” ဟု ခေါ်ဆို ချီးကျူးခဲ့သည်။ ၎င်းတို့သည် ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြပြီး၊ ရုရှားအစိုးရအရာရှိတစ်ဦးကို ကိုးကား၍ ရုရှားနိုင်ငံပိုင် မီဒီယာများက ပူတင်သည် အလွန်ကောင်းမွန်သော စိတ်အခြေအနေ ဖြင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခင်က မရှိခဲ့ဖူးသော ဆက်လက်ကျင်းပမည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပူတင်က ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်များ မပါဝင်ဘဲ ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးလိုဖွယ်ရှိကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ထရမ့်ပ်သည် ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် နိုင်ငံများထဲမှ အချို့ဖြစ်သော ရုရှားနှင့် တရုတ်တို့နှင့်အတူ နျူကလီးယားလက်နက် ပြန့်ပွားမှုတားဆီးရေး သဘောတူညီချက်သစ်တစ်ခုကို ညှိနှိုင်းလိုနေသည်။

သို့သော် နိုဝင်ဘာလ ၁၉ ရက်တွင် ထရမ့်ပ်က ၎င်းတို့နိုင်ငံနှစ်နိုင်ငံ၌ နျူကလီးယားလက်နက် စစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပြုမည်လားဟူသော မေးခွန်းကို ရှောင်လွှဲခဲ့သည်။ ထို့အပြင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ၎င်းတို့၏ အကူအညီကို ရယူမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

သုံးနိုင်ငံအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ရုရှား၊ တရုတ်နှင့် အမေရိကန်တို့တွင် ပူးတွဲတာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

၎င်းက “အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးစီးပွား မျှတမျှတမှုတို့အပေါ် အခြေခံ၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုပါက ရုရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခိုင်မာအားကောင်းလာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည် ဟု ကျွန်ုပ် အခိုင်အမာ ယုံကြည်ပါသည်” ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် ရှန်ကျန်း မြို့သို့ ရုတ်တရက် မမျှော်လင်ဘဲ ရောက်ရှိလာပါက ၎င်းနှင့် တွေ့ဆုံဖွယ်ရှိကြောင်း ထရမ့်ပ်က အရိပ်အမြွက် ပြောကြားခဲ့သော်လည်း၊ ကင်ဂျုံအန်ကို နိုဝင်ဘာလ ၁၈ ရက်က ၎င်း၏နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် ရှိနေသည်ကို ပုံများ၌ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းအနေဖြင့် APEC အစည်းအဝေးသို့ တက်ရောက်မည်ဆိုသော သတင်းမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံက APEC အဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်ဟုလည်းဆိုသည်။

Ref: CNN

မူရင်းသတင်း — Myanmar Transparency News