
၂၀၂၆ ခုနှစ်တွင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ကျောင်းသားကျောင်းသူပေါင်း ၁၆၇၀ ဦး ဝင်ခွင့်ရရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို STEAMS-1(ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ကျောင်းသူများစာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ၃၃၇ ဦး၊ ဆေးတက္ကသိုလ် မန္တလေးတွင် ၃၅၀ ဦး၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် ၃၇၅ ဦး၊ ဆေးတက္ကသိုလ် မကွေးတွင် ၂၄၉ ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးတွင် ၆၈ ဦး၊ Naypyitaw State Academy တွင် ၇၆ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်တွင် ၉၈ ဦးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေး ၁၁၈ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို ဒီဇင်ဘာ ၁ ရက် (အင်္ဂါ) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ဝင်ခွင့်ရသည့်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၉ ရက်(ကြာသပတေး)နေ့မှစတင်၍ ကျောင်းအပ်နှံရမည် တက်ခွင့်ရကျောင်းသား/သူကိုယ်တိုင် သတင်းပေးပို့ကျောင်းအပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်၊ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသည့်အမှတ်စာရင်း(မူရင်း)၊ ကျောင်းသား၊ကျောင်းသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မူရင်း)တို့ကို သက်ဆိုင်ရာတက္ကသိုလ်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
မိမိစရိတ်ဖြင့် တက်ရောက်လိုသည့် ကျောင်းသား/သူများသည် မူလဝင်ခွင့်ရရှိသည့် တက္ကသိုလ်တွင် ကျောင်းအပ်နှံပြီးမှသာ မိမိစရိတ်ဖြင့် တက်ရောက်ခွင့်ကို ဆန္ဒပြုလျှောက်ထားရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက် (ကြာသပတေး)နေ့အထိ သတင်းပေးပို့ ကျောင်းအပ်နှံခြင်းမရှိသူများအား ဝင်ခွင့်စာရင်းမှပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။