



နေပြည်တော်၊ နိုဝင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ပင့်ဖိတ် ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်း နှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များသည် လှူဒါန်းရန်အတွက် ခင်းကျင်းပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် သမ္မတနှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇောဘာသ ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံ လည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာဒိစ္စဝံသ ထံလည်းကောင်း ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များသည် နေပြည်တော်တိုင်း သံဃနာယက အဖွဲ့ဝင်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍညနှင့် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတိဿ တို့ထံမှ ကထိန်အမေးအဖြေများကို နာယူ ကြည်ညို ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့သည် ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ အခမ်းအနားအပြီးတွင် သန်လျင်မင်းကျောင်း ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၈ ပင်၊ တန်ဖိုး ငွေကျပ် ၁၀၄၆ သိန်းကျော်နှင့် လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၆၇၁ သိန်းကျော်ဖြစ် သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၇၁၇ သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိသည်။
#Myanmar #News