
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂ဝ
ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် အရန်ဆန်များ စုဆောင်းသိုလှောင်ထားရှိလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အရန်ဆန်များကို သတ်မှတ်ကာလအတွင်း သိုလှောင်ရုံများသို့ အပြည့်အဝရောက်ရှိစေရေး၊ သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးနှင့် လေလွင့်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အရန်ဆန်သိုလှောင်ရုံသို့ ပြီးခဲ့သည့် နိုဝင်ဘာ (၁၈) ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နိုင်ငံတော်အနေဖြင့် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက်များအတွက် အရန်ဆန်စုဆောင်းရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်သိုလှောင်ရုံများ၌ အရန်ဆန်များ လက်ခံသိုလှောင်ထားရှိလျက်ရှိကြောင်း သိရသည်။

