Myanmar National Post

ပုသိမ်ကြီး ရွှေစာရံစေတီတော်မြတ်ကြီးတွင် ရွှေထီးတော်ဘုံအဆင့် (၃) ဆင့် တင်လှူပွဲအား ကျင်းပ


ပုသိမ်ကြီး   ၊ နိုဝင်ဘာ ၂၀

အစ်မတော်စောမွန်လှ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်သစ်တင်လှူပွဲအား ရပ်ဝေးရပ်နီးမှ (၇) ရပ်သားသမီးများ၊ စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရွှေထီးတော်ဘုံအဆင့် (၃) ဆင့် တင်လှူပူဇော်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်ပြီး လာရောက်ဖူးမျှော်ကြည်ညိုကြသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ဆက်လက်ပြီး ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများတို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်း၍ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာရထားပျံရှိရာသို့ ပင့်ဆောင်၍ အစီအစဉ်အတိုင်း တင်လှူပူဇော်ခဲ့ကြသည်။ရွှေစာရံစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ တင်လှူပူဇော်ခြင်းကို  နိုဝင်ဘာ ၂၀ ရက်တွင် ပင့်သံဃာ (၁၈) ပါးဖြင့် ရွှေထီးတော် အလယ်ဘုံ အဆင့် (၄)ဆင့် တို့အား ရထားပျံဖြင့် တင်လှူပူဇော်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘုရားထံမှ ရေစက်ချတရား နာယူကြည်ညို၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံအဆင့်တို့ကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

ရွှေရန်ကင်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post