Myanmar Digital News

ဂျပန်နိုင်ငံ လိုတိုကျွန်းအနီး မီးတောင်ပေါက်ကွဲမှုကြောင့် မြေသားသစ်တစ်ခု ပေါ်ထွက်လာ

တိုကျို နိုဝင်ဘာ ၁၉

 

ဂျပန်နိုင်ငံ အိုဂါဆာဝါရာကျွန်းစုရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းမှ လိုတိုကျွန်းအနီးတွင် မီးတောင်ပေါက်ကွဲမှုကြောင့် မြေသားသစ်တစ်ခု ပေါ်ထွက်လာခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါကျွန်းအနီးတွင် နောက်ဆုံးအကြိမ် မီးတောင်ပေါက်ကွဲမှုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့သည် လေယာဉ်ဖြင့် လေ့လာစောင့်ကြည့်ခဲ့သည်။

 

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျွန်း၏တောင်ပိုင်းရှိ အိုကီနာဟာမာကမ်းခြေမှ မီတာ ၇၀၀ ခန့်အကွာတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားနေပြီး မီးခိုးများသည် အမြင့်မီတာ ၃၀၀ ခန့်အထိ မြင့်တက်နေကြောင်း သိရသည်။ ထို့ပြင် အချိန်အပိုင်းအခြားအလိုက် ပေါက်ကွဲမှုငယ်များလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

 

မီးတောင်ပေါက်ကွဲစဉ် ထွက်ပေါ်လာသည့် ကျောက်စများနှင့် အခြားပစ္စည်းများ စုပုံလာခြင်းကြောင့် မြေသားသစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ယင်းမြေသားသစ်သည် မူလကျွန်းနှင့် ဆက်စပ်နေကြောင်းလည်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

 

အိုကီနာဟာမာကမ်းခြေအနီးတွင် ၂၀၂၂ ခုနှစ်မှစ၍ အချိန်အခါအလိုက် မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။ ၂၀၂၃ ခုနှစ်ကလည်း မီးတောင်ပေါက်ကွဲမှုကြောင့် မြေသားသစ်တစ်ခု ပေါ်ထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် လှိုင်းလုံးများတိုက်စားမှုနှင့် အခြားအကြောင်းအရင်းများကြောင့် ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးအကြိမ် လေ့လာစောင့်ကြည့်မှုတွင် ပါဝင်ခဲ့သည့် တိုကျိုသိပ္ပံအင်စတီကျုမှ ပါမောက္ခ နိုဂါမီကန်ဂျီက မီးခိုးရောင်မီးခိုးများမြင့်တက်နေခြင်းသည် မီးတောင်လှုပ်ရှားမှု အလွန်ပြင်းထန်နေကြောင်း ဖော်ပြနေသည်ဟု ပြောကြားသည်။ ထို့ပြင် ချော်ရည်များစီးထွက်လာပါက ယခုအသစ်ပေါ်ထွက်လာသည့် မြေသားသစ်သည် ဆက်လက်တည်ရှိနေနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

 

မီးတောင်လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေကြောင်းသွားလာမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထားပြီး အနီးတစ်ဝိုက်မှ ဖြတ်သန်းသွားလာမည့် သင်္ဘောများအနေဖြင့် အထူးသတိထားကြရန် တိုက်တွန်းထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News