Myanmar Digital News

အမေရိကန် - ရုရှား - တရုတ် သုံးနိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပ

ရှန်ကျန်း နိုဝင်ဘာ ၁၉

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ် - ရုရှား - အမေရိကန် ထိပ်သီးအစည်းအဝေးသည် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းမှုများ ရရှိခဲ့ကြောင်း ယနေ့တွင်ပြောကြားသည်။

 

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ရှန်ကျန်းမြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင်ရရှိခဲ့သော အဓိကသဘောတူညီချက်များကို ပြန်လည်ခြုံငုံပြောကြားစဉ် ရှီကျင့်ဖျင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံသုံးနိုင်ငံစလုံးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ တူညီသောအမြင်ရှိကြပြီး ခက်ခဲစွာရယူထားရသည့် ငြိမ်းချမ်းရေးကို တန်ဖိုးထားထိန်းသိမ်းရမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားသည်။

 

နိုင်ငံကြီးများအနေဖြင့် နိုင်ငံတိုင်း၏ တရားဝင်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားသင့်ကြောင်းနှင့် ကွဲပြားမှုများကို ဖြေရှင်းရာတွင် ဆွေးနွေးညှိနှိုင်းခြင်းသည် မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်း ၎င်းတို့အားလုံးက သဘောတူညီခဲ့ကြသည်ဟု ရှီက ပြောကြားခဲ့သည်။ ဆွေးနွေးမှုများ မရပ်တန့်သရွေ့၊ တံခါးများမပိတ်သွားသရွေ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိနေကြောင်းလည်း ရှီကပြောကြားခဲ့သည်။ စိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း ၎င်းတို့က သဘောတူညီခဲ့ကြကြောင်း ရှီက ပြောကြားခဲ့သည်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အထောက်အကူပြုနိုင်ရန် ရုရှားနိုင်ငံသည် တရုတ်နှင့် အမေရိကန်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသည်။

 

ဒုတိယ ကမ္ဘာစစ်အတွင်း အောင်ပွဲရရှိခဲ့ခြင်းက သုံးနိုင်ငံကို အတူတကွ ပေါင်းစည်းစေခဲ့ကြောင်း ပူတင်က ပြောကြားသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းတို့သည် သုံးနိုင်ငံ၏ တူညီသောတာဝန်များဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေသည့် အရေးကြီးဒေသများရှိ ပြဿနာများကို သင့်လျော်စွာဖြေရှင်းခြင်းသည်လည်း သုံးနိုင်ငံ၏ ဘုံလုပ်ငန်းစဉ်များဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ထို့ပြင် လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာကုန်သွယ်ရေးကို မြှင့်တင်ရန်၊ စွမ်းအင်နှင့် စားနပ်ရိက္ခာလုံခြုံရေးကို ကာကွယ်ရန်နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် တရုတ်၊ အမေရိကန်တို့နှင့်အတူ လက်တွဲဆောင်ရွက်ရန် ရုရှားနိုင်ငံက အသင့်ရှိကြောင်း ပူတင်က ပြောကြားသည်။

 

အလားတူ အဆိုပါ ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့အာရုံစိုက်မှုကို ဖမ်းစားထားနိုင်သည့် အလွန်အရေးပါသော သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံသုံးနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပြန့်ပွားမှုကို ပူးပေါင်းတားဆီးကာ နျူကလီးယားလက်နက်များကြောင့် လူသားမျိုးနွယ်အပေါ် ကျရောက်လာနိုင်သည့် ဆိုးရွားပြင်းထန်သော အကျိုးဆက်များကို ရှောင်ရှားသင့်ကြောင်း သမ္မတ ထရမ့်က ထပ်လောင်းပြောကြားသည်။

 

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News