
#Local_News
Published 20 November 2026
■ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ReCAAP ISC ၏ Cluster Meeting-2026 အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် နှစ်ရက်တာလက်ခံကျင်းပခဲ့ကြောင်းသိရသည်။
■ အဆိုပါ ReCAAP ISC ၏ Cluster Meeting-2026 အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်မြို့ PARKROYAL Hotel ၌ ကျင်းပရာ အစည်းအဝေးသို့ ReCAAP Information Sharing Centre (ISC)မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူနိုင်ငံများအဖြစ် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များ၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံရေကြောင်းအဖွဲ့အစည်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
■ ဦးစွာ ReCAAP ISC ၏ မြန်မာနိုင်ငံဆိုင်ရာ Governor က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ReCAAP Information Sharing Centre (ISC) ၏ အမှုဆောင်ဒါရိုက်တာ Vijay D Chafekar က အဖွင့်အမှာစကား ပြောကြားသည်။
■ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာသူကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။
■ ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ဒေသတွင်း ရေလက်ကြား ရေလမ်းကြောင်းများတွင် ပင်လယ်ဓားပြမှုနှင့် လက်နက်ကိုင်လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ နိုင်ငံအလိုက် ဆွေးနွေးတင်ပြကြပြီး ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေ၊ သတင်းအချက်အလက်များ ပိုမိုပူးပေါင်းမျှဝေရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
■ ဆက်လက်၍ အဖွဲ့လိုက် ဆွေးနွေးချက်များအပေါ် ReCAAP Information Sharing Centre(ISC)၏ အမှုဆောင်ဒါရိုက်တာက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
■ အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times