Pika (NP News) - နိုဝင်ဘာ ၂ဝ
ရုရှားသမ္မတပူတင်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တရုတ်မှာ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့မှုနဲ့အတူ ရုရှားရဲ့နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းက ဗီယက်နမ်နိုင်ငံကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီထွက်ခွာမှုက အာရှတစ်ဝှမ်းမှာ ရုရှားရဲ့စစ်ရေးမရောက်ရှိနိုင်တဲ့ နေရာမရှိဘူးဆိုတာကို ပြသနေတာမျိုးဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။
နျူကလီးယားလက်နက်တပ်ဆင်နိုင်တဲ့ Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းနဲ့ အထောက်အကူပြုလေယာဉ်နှစ်စင်းတို့က ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဒါနန်းမြို့က လေဆိပ်တစ်ခုမှာ နိုဝင်ဘာလ(၁၈)ရက်နေ့တည်းက ရောက်ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ပူတင်က ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုမလုပ်ဆောင်ခင် အချိန်အနည်းငယ်အလိုမှာ အဲဒီလေယာဉ်တွေက ဗီယက်နမ်နိုင်ငံကို ပျံသန်းရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဗုံးကြဲလေယာဉ်တွေက ဗီယက်နမ်နိုင်ငံကနေထွက်ခွါသွားခဲ့ပြီးနောက် တရုတ်(တိုင်ပေ)ကျွန်းရဲ့အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ပျံသန်းသွားတာကို တွေ့ရှိခဲ့ရတယ်လို့လည်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီဗုံးကြဲလေယာဉ်တွေက အခုသီတင်းပတ်အစောပိုင်းမှာ ရုရှားကနေ ဗီယက်နမ်နိုင်ငံကို ပျံသန်းလာခဲ့ချိန်မှာလည်း အမေရိကန်ရဲ့မိတ်ဖက်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့ကို စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။