
မြန်မာ နဲ့ ICJ ကိစ္စ နောက်ဆက်တွဲ
(အတွေးအမြင် ဆောင်းပါး)
HtayOung (NP News)- နိုဝင်ဘာ ၂၀
၂၀၂၆ ခုနှစ် နိုဝင်ဘာ (၁၉) ရက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဂမ်ဘီယာနဲ့ မြန်မာအကြား ဂျီနိုဆိုက်ဆိုင်ရာ အမှုကို အပြီးသတ် စီရင်ချက်ချမှတ်ခဲ့တယ်။
ဂျီနိုဆိုက်ဆိုတာ လူမျိုးတုန်း သတ်ဖြတ်ခြင်း မဟုတ်ပါ။ နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အုပ်စုတစ်စုရဲ့ အားလုံးကို သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု (အချို့ကို) ဖျက်ဆီးပစ်ရန် တမင်ရည်ရွယ် ကျူးလွန်ခြင်းကို ဂျီနိုဆိုက်လို့ ခေါ်တယ်။ သို့မဟုတ် ၁၉၄၈-ခုနှစ် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါအချက်များ ကို ကျူးလွန် သို့မဟုတ် ပျက်ကွက်လျင် ဂျီနိုဆိုက်ရာ ရောက်ရှိတယ်။
မြန်မာနိုင်ငံက ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီ (၎င်းတို့က ရိုဟင်ဂျာဟု ဖော်ပြ) အုပ်စုအပေါ် ဂျီနိုဆိုက်မှု ကျူးလွန်ခဲ့ကြောင်း ICJ က ဆုံးဖြတ်တယ်။ ဒါဟာ ICJ တရားရုံးရဲ့ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံကို ဂျီနိုဆိုက်မှုအတွက် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ခြင်းဖြစ်တယ်။
ICJ ရဲ့ အပြီးသတ်စီရင်ချက်မှာ စုစုပေါင်း (၁၃) ချက် ပါဝင်တယ်။ အရေးကြီးအချက်များမှာ (က) မြန်မာနိုင်ငံက ဂျီနိုဆိုက်ကျူးလွန်ခဲ့ကြောင်း။(တရားသူကြီး ၁၅ ဦးအနက် ၉ ဦး ထောက်ခံ ၆ ဦး ကန့်ကွက်)။ (ခ) ဂျီနိုဆိုက်ကို ကြိုတင်တားဆီးရန် ပျက်ကွက်ခြင်း (၉ မဲ၊ ၆ မဲ)။ (ဂ) ဂျီနိုဆိုက်ကျူးလွန်ရန် အခြားသူများကို တိုက်ရိုက်နဲ့ လူသိရှင်ကြား လှုံ့ဆော်ခဲ့ကြောင်း ဂမ်ဘီယာရဲ့ သီးခြားစွပ်စွဲချက်ကို တရားရုံးက သက်သေမလုံလောက်ဟု ဆုံး ဖြတ်တယ်။ (ဘင်္ဂါလီဆန့်ကျင်ရေး အမုန်းစကားများနဲ့ လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း တရားရုံးက အသိအမှတ် ပြု တယ်။ ဒါပေမဲ့ အမုန်းစကား ပြောဆိုတိုင်း ဂျီနိုဆိုက်ရန် တိုက်ရိုက်လှုံ့ဆော်ခြင်း မဟုတ်)။ (ဃ) ဒါ့ကြောင့် အဲ့ဒီသီးခြားစွပ်စွဲချက်ကို ၁၄ မဲ၊ ၁ မဲဖြင့် ပယ်ချတယ်။။ (င) ကျူးလွန်သူများကို စုံစမ်းစစ်ဆေး၊ တရားစွဲဆို၊ အပြစ်ပေးရန် ပျက်ကွက်တယ်။ (စ) ဂျီနိုဆိုက်တားဆီးရေး ဥပဒေများပြဋ္ဌာန်းရန် ပျက်ကွက်တယ်။ လျော်ကြေးပေးရေးကို ၁၀ မဲ၊ ၅ မဲ၊ နေရပ်ပြန်ခွင့်၊ ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရေး ဆုံးဖြတ်တယ်။ ၂၀၂၈ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်မတိုင်မီ ပြန်လည်ကုစားရေးအစီအစဉ်နဲ့ လျော်ကြေးဆိုင်ရာ အစီရင်ခံစာ တင်ပြရန် စီရင်ချက်ချမှတ်တယ်။ တရားသူကြီးအားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူ ချမှတ်ခဲ့တဲ့ စီရင်ချက် မဟုတ်။ လုံခြုံရေး တပ်များချည့်သက်သက် တာဝန်ရှိတယ်လို့ မသတ်မှတ်ကြောင်း တွေ့ရှိရတယ်။
ဂျီနိုဆိုက်ရာမှာ ရခိုင်အရပ်သားများ ပါဝင်မှုကို ICJ က သုံးသပ်ထားတယ်။ စီရင်ချက် အပိုဒ် ၄၇၃ မှ ၄၈၈ အထိ မှာ ရခိုင်တိုင်းရင်းသားများနဲ့ ဘင်္ဂါလီ မဟုတ်သူ အခြားအရပ်သားများ ပါဝင်ကြောင်း သီးခြားဖော်ပြတယ်။ (က) ရခိုင်တိုင်းရင်းသားနဲ့ အခြားအရပ်သားအချို့ဟာ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးကာလအတွင်း မြန်မာလုံခြုံရေးတပ်များနဲ့အတူ ကျေးရွာများအတွင်း ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရတယ်။
(ခ) အဲ့ဒီအရပ်သားတွေက ဘင်္ဂါလီများကို သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ရာမှာ ပါဝင်ခဲ့ကြောင်း သက်သေများရှိတယ်။ (ဂ) ဒါပေမဲ့ အရပ်သားများရဲ့ လုပ်ရပ်အားလုံးဟာ မြန်မာအစိုးရရဲ့ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအောက်မှာ ပြုလုပ်ခဲ့ကြောင်း၊ သက်သေ မလုံလောက်။ နိုင်ငံတော်ရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်၍မရကြောင်း ဆုံးဖြတ်တယ်။ (ဃ) အရေးကြီးဆုံးအချက်မှာ အဆိုပါအရပ်သားများကိုယ်တိုင် ဂျီနိုဆိုက်ကျူးလွန်ရန် ရည်ရွယ်ချက် ရှိ- မရှိ သက်သေအထောက်အထား အကန့်အသတ်ရှိနေတဲ့အတွက် အပြီးသတ်ဆုံးဖြတ်နိုင်ခြင်း မရှိပါ။ ( ဒီအချက်ဟာ အရေးကြီးတယ်၊ အဲ့ဒီအချိန်က ရခိုင်ပြည်နယ်မှာ AA အမည်နဲ့ တရားဝင် မရောက်ရှိသေးပါ၊ ဒီကိစ္စအကြောင်း မီဒီယာနဲ့လူ့အခွင့်အရေးတို့က “ဗုဒ္ဓဘာသာ ကင်းသမား” အဖြစ် ပြောဆိုချက်မှာ AA ကို ICC မှာ တရားစွဲဆိုရန် လမ်းကြောင်းဖြစ်လာနိုင်တယ်) (င) အရပ်သားများ ပါဝင်နေခြင်းကြောင့် ဂျီနိုဆိုက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကြီးမားကြောင်း မြန်မာအစိုးရက သိရှိခဲ့သင့်ပေမယ့် တားဆီးရန် လိုအပ်တဲ့ နည်းလမ်းများကို အသုံးမပြုခဲ့ကြောင်း ဆုံးဖြတ်တယ်။
အပြီးသတ်စီရင်ချက်ကို မဖြစ်မနေ လိုက်နာရမယ် ဆိုပေမယ့် ICJ မှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ သို့မဟုတ် အမိန့်ကို အတင်းအကြပ် အကောင်အထည်ဖော်ရန် စစ်အင်အား မရှိတဲ့အတွက် ဆုံးဖြတ်ချက်ကို ဂရုမစိုက်တဲ့ တိုင်းပြည်များ ရှိတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြံပြု အရေးယူနိုင်ပေမယ့် အလိုလျောက် အရေးယူရမယ်လို့ မဆိုလိုပါ။ အဲ့ဒီအခါ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားဖြစ်ပေါ်လာတာကို ခံနိုင်သလား သက်ဆိုင်ရာ နိုင်ငံအနေနဲ့ တွက်ဆရမယ်။ အမှုကို သွားရောက် မဖြေရှင်းခဲ့ရင်လည်း တရားရုံးက မျက်ကွယ်မှာ တစ်ဖက်သပ် ကြားနာဆုံးဖြတ်မှာဖြစ်လို့ အလွန်အရုပ်ဆိုးတယ်။
စီရင်ချက်ကို ပုံမှန်အယူခံခွင့် မရှိ၊ စီရင်ချက်ရဲ့ အကျိုးဆက်များ လျော့ပါးသက်သာအောင် ဥပဒေနဲ့ သံတမန်ရေး ညှိနှိုင်းတဲ့ နည်းလမ်းများ ရှိတယ်။ နေပြည်တော်ဟာ အဲ့ဒီနည်းလမ်းကို ရွေးချယ်ဖွယ် ရှိတယ်။ ဆိုလိုတာ ယတိပြတ် ငြင်းပယ်ခြင်းထက် နိုင်ငံတကာဥပဒေအရ တာဝန်ယူဖြေရှင်းရန် အားထုတ်ခြင်းဖြစ်တယ်။ တာဝန်ရှိသူတို့ရဲ့ ပြောဆိုချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က မှတ်တမ်းတင်နေမှာဖြစ်တဲ့အတွက် သတိပြုဆင်ခြင်သင့်ပါတယ်။
ယခုအမှုဟာ တိုင်းပြည်တစ်ပြည်ကို ဥပဒေအရ တာဝန်ရှိကြောင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခြင်း မဟုတ်ပါ။ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ သက်သေအထောက်အထားများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က အသုံးပြုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတော်တာဝန်ရှိမှုကို လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ကျူးလွန်မှုအဖြစ် အလိုလျောက် မသတ်မှတ်နိုင်။ ဂျီနိုဆိုက်တယ်လို့ ICJ က ဆုံးဖြတ်လိုက်ခြင်းကြောင့် လူပုဂ္ဂိုလ်များကို ဖမ်းဝရမ်းထုတ်ရန် အထောက်အကူဖြစ်သွားတယ်။ ဒါပေမဲ့ တပ်မတော်အကြီးအကဲကို ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄-ခုနှစ် လျှောက်ထားချက်ဟာ ဂျီနိုဆိုက်မှု မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ICC သတ်မှတ်ချက်အရ ဖမ်းဝရမ်းဟာ အဲ့ဒီအချိန် တပ်မတော်အဆင့်မြင့်အရာရှိကြီးများနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်နေတယ်။ မြန်မာပြည်မှာ အခြားအစိုးရသစ်ပြောင်းလဲသွားခြင်း၊ ရာထူးမှ အနားယူသွားသည့်တိုင် ICC တာဝန်ရှိမှုမှ ပျောက်ဆုံး မသွားပါ။
ဒါပေမဲ့ ICC ရဲ့ သမိုင်းတလျောက် ဖမ်းဝရမ်းအကောင်ထည်ပေါ်မှု (၃၆.၇%) မျှသာ ရှိတယ်။ ICC ရဲ့ အရေးယူမှုကို ပစ်ပယ်ထားနိုင်ရန် သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ နိုင်ငံတကာဖိအားကို ခံနိုင်ရည်ရှိမှုနဲ့ သက်ဆိုင်ပါတယ်။ လောကီလူ့ဘောင်မှာ မြေနိမ့်ရာ လှံစိုက်- အဆင်းမှာ ဘီးတပ်ပေးချင်သူ အလွန်များတယ်။
ဥပမာ ဂျီနိုဆိုက်မှုမြောက်ကြောင်း ICJ က ဆုံးဖြတ်ပြီး နာရီအနည်းငယ်ကြာရုံရှိသေး မြန်မာစစ်သံမှူးကို နှင်ထုတ်ရန် ကျယ်ကျယ်လောင်လောင်ပြောဆိုနေသူဟာ မြန်မာအပါအဝင် ကမ္ဘာတစ်လွှားမှာ နေမဝင်အင်ပါယာနဲ့ လူကိုလူချင်း ကိုလိုနီပြုခဲ့ဖူးကြောင်း သမိုင်းအမည်းစက်ရှိတဲ့ ဗြိတိန်ဖြစ်နေတယ်။
ICC, ICJ လူ့အခွင့်အရေး- ဒုက္ခသည်- ခိုလှုံခွင့်အကြောင်း တက်ကြွတဲ့ ကြက်ဖဖြစ်နေသူ နိုင်ငံအများစုဟာ အတိတ်ကာလ လူ့အခွင့်အရေး အချိုးဖောက်ခဲ့ဆုံး တိုင်းပြည်များဖြစ်ပါတယ်။.သူတို့အနေနဲ့ ယခုအရိယာ သူတော်စင်များ ဖြစ်သွားကြောင်း သက်သေပြဖို့ သူတစ်ပါးတိုင်းပြည်ငယ်များကို လက်ညှိုးထိုးမခံရအောင် ဂရုစိုက်ရုံမှတစ်ပါး အခြား မရှိပါ။
“ငါလဲ သူတော်ကောင်းဖြစ်ကြောင်း” လက်ဦးအောင် အော်တတ်ဖို့လိုတယ်။ အိုင်တီခေတ်ကြီးမှာ သူများနည်းတူ လက်မြန် ခြေမြန် သတင်းနဲ့ ပြန်ကြားရေး ရှိကို ရှိမှ ဖြစ်ပါတော့မယ်။