၂၀.၁၁.၂၀၂၆
Written by Nay Yaung Linn
ICJ တရားသူကြီးများ၏ စီရင်ချက်များအပေါ် သေချာလေ့လာပြီး နိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားလုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်ခြာအာဏာမထိပါးရေးကို အခြေခံကာ ရှေ့ဆက်ဆောင်ရွက်မည်ကို ဆုံးဖြတ်သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းက နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီက နေပြည်တော်တွင်ပြုလုပ်ခဲ့ရာ ICJ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သတင်းမီဒီယာတစ်ခုက ဆက်လက်မေးမြန်းမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းက ” အခု တရားရုံးရဲ့ ကနဦး စီရင်ချက်ကို ကနဦး လေ့လာတွေ့ရှိချက်အရကတော့ ခုနက ဒုတိယဝန်ကြီး ပြောကြားသွားသလိုပါပဲ။ ထောက်ခံမဲက ကိုးမဲ၊ ကန့်ကွက်မဲက ခြောက်မဲနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ အဲဒီတော့ ကျွန်မတို့အနေနဲ့တော့ တရားသူကြီးအားလုံးရဲ့ တူညီဆန္ဒမဟုတ်တဲ့အတွက် ဒီကွဲပြားတဲ့ မတူညီတဲ့ သဘောထားတွေကို ကျွန်မတို့ လေ့လာဖို့ရှိပါတယ်။ နောက်ပြီးတော့ ဒီ စာမျက်နှာ ၁၀၀ ကျော်ပေါ့နော်။ ၁၀၀ ကျော်ရှည်လျားတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ့လေ။ ၂၀၀ နီးပါး၊ နောက်ပြီးတော့ ဟို ၂၆၉ မျက်နှာလောက်ရှိတဲ့ တရားသူကြီးရဲ့ ဒီ စီရင်ချက်တွေအပေါ်မှာ ကျွန်မတို့က သေချာ လေ့လာပြီးတော့ ရှေ့ဆက်သွားရမယ့် ကိစ္စရပ်တွေမှာ နိုင်ငံရဲ့ ပကတိအခြေအနေ၊ နောက်ပြီးတော့ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာမထိပါးရေး ဒါတွေကို အခြေခံပြီးတော့ ဘယ်လိုရှေ့ဆက်သွားမယ်၊ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာကိုတော့ ဆုံးဖြတ်သွားဖို့ ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။




ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Genocide Convention ကို စတင်လက်မှတ်ရေးထိုးစဉ်ကပင် မြန်မာနိုင်ငံအနေဖြင့် စိတ်ရင်းအမှန် (In good faith) ဖြင့် လက်မှတ်ရေးထိုး အတည်ပြုပါဝင်ခဲ့ခြင်းဖြစ်ပြီး စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုသည့် လျှောက်ထားလွှာ (Application) ကို စတင် တင်သွင်းခဲ့ရာ ယခုအခါ ၇ နှစ်အကြာတွင် အပြီးသတ် စီရင်ချက်ချမှတ်ခြင်း ဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ စွဲဆိုခြင်းဖြစ်ပြီး၊ ICJ သည် နိုင်ငံအချင်းချင်းကြား တရားစွဲဆိုသည့် တရားရုံးဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံးကို တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ နောက်ကွယ်တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရှိနေပြီး OIC ကိုယ်စားပြု၍ တရားစွဲဆိုခဲ့ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမှုစတင်တင်သွင်းစဉ်ကတည်းက ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံဘက်မှ ပြန်လည်လျှောက်လဲခဲ့သော်လည်း ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် ချမှတ်ခဲ့ကြောင်း၊ ဆက်လက်၍ ဂမ်ဘီယာ၏ တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံက Preliminary Objections ကန့်ကွက်ချက်တင်သွင်းခဲ့သော်လည်း တရားရုံးကပယ်ချခဲ့သဖြင့် Merit Stage သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် စာဖြင့်ရေးသားလျှောက်လဲချက်များ နှစ်ကြိမ်စီ တင်သွင်းခဲ့သကဲ့သို့ နှုတ်ဖြင့်လျှောက်လဲချက်များကိုလည်း တင်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆုံးစီရင်ချက် ချမှတ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ တရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၇,၀၀၀ ကျော် ကွာဝေးပြီး ပကတိအခြေအနေမှန်များနှင့် ကင်းကွာနေသည့် နိုင်ငံဖြစ်ကြောင်း၊ အမှုတွင် တတိယနိုင်ငံများအဖြစ် ကြားဖြတ်ပါဝင်လျှောက်ထားသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိပြီး၊ ၎င်းတို့သည် ICJ Statute ၏ Article 63 ပေါ်မူတည်ပြီး ပါဝင်လာခြင်းဖြစ်ရာ Genocide Convention ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အခြေခံ၍ ကြားဖြတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။
ယခုတရားစီရင်မှုသည် မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများနှင့် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်များ၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ရဲကင်းစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို ကြိုတင်စီမံအကွက်ချ၍ တစ်ပြိုင်နက်တည်းတိုက်ခိုက်မှုဖြစ်စဉ် အမှန်တရားများကို တင်ပြလျှောက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း နေရပ် စွန့်ခွာသွားသူများကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် မိမိတို့ တင်ပြချင်သည်မှာ မြန်မာနိုင်ငံသည် တာဝန်သိကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအနေဖြင့်ရော၊ Genocide Convention ကိုစိတ်ရင်းအမှန်နှင့်ပါ ပါဝင်ခဲ့သည့် နိုင်ငံအနေဖြင့်ရော၊ တရားမျှတမှုကို အလေးထားသည့် နိုင်ငံအနေဖြင့်ပါ တရားရင်ဆိုင်သည့်အခါ အခက်အခဲများရှိခဲ့ပြီး မိုခါမုန်တိုင်းတိုက်ခိုက်မှုများ ၊ Covid-19 ရောဂါကဲ့သို့ အခက်အခဲစိန်ခေါ်မှုများရှိခဲ့ပေမဲ့ အဆင့်တိုင်းတွင် မိမိတို့ပါဝင်ခဲ့ကြောင်း၊ ကြားဖြတ်စီမံဆောင်ရွက်အမိန့်အပါအဝင် တရားရုံးက ချမှတ်သည့် အမိန့်များကိုလည်း အကုန်အပြည့်အဝ လိုက်နာပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။