NP News

ကုလသမဂ္ဂအဖွဲ့ကို ပြုပြင်ပြောင်းလဲရန် အမေရိကန်သမ္မတ၊ တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့တောင်းဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂

သုံးပွင့်ဆိုင်ဆွေးနွေးပွဲအပြီးတွင် ရေနံထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ကုလသမဂ္ဂ (UN) ကို ပြုပြင်ပြောင်းလဲ ရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတထရမ့်၊ တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ရုရှားသမ္မတပူတင်တို့ ပြောကြားခဲ့ ကြောင်း သိရသည်။
ခေါင်းဆောင်များ၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးအပြီးတွင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့သည် ရေနံချက် ထွက်ကုန်များ ပိုမိုထုတ်လုပ်ရန် ကတိပြုခဲ့ကြပြီး နျူကလီးယား အန္တရာယ်များ လျှော့ချရေးတွင် ၎င်းတို့၏ စိတ်ဝင်စားမှုကို အတည်ပြုခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ တွေ့ဆုံမှုသည် သုံးနိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံမှု ဖြစ်သည်။ ကမ္ဘာ့နျူကလီးယားလက်နက်သိုလှောင်မှုကို လျှော့ချရန်အတွက် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့သည် ထူးခြားသောအနေအထားတွင် ရှိနေသည်ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။
အင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပသည့်အစည်းအဝေးအပြီး၌ ထုတ်ပြန်သော တူညီသည့် ကြေညာချက်များတွင် သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် "လက်ရှိ နိုင်ငံတကာ အခြေအနေအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ခဲ့ကြပြီး မဟာဗျူဟာမြောက် တည်ငြိမ်ရေးနှင့် နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းရန် ကတိပြုခဲ့ကြသည်"ဟု သုံးနိုင်ငံစလုံးက ဖော်ပြခဲ့ကြသည်။
အဆိုပါ ထုတ်ပြန်ချက်များသည် ယေဘုယျဆန်ပြီး ဆွေးနွေးပွဲအတွင်း ခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့် အသေးစိတ်အချက်အလက် အနည်းငယ်သာ ပါဝင်သည်။ အပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းရန် အမေရိကန်၏ မကြာသေးမီက ကြိုးပမ်းမှုများ ရှိနေသော်လည်း အရှေ့ဥရောပတွင် ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့် ယူကရိန်း အပေါ် ရုရှား၏ စစ်ပွဲအကြောင်းကို ထုတ်ပြန်ချက်များတွင် လုံးဝထည့်သွင်း ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။
ထို့အပြင် ရုရှားနှင့် တရုတ် နှစ်နိုင်ငံစလုံးကအီရန်ကို ကူညီနေသည်ဟု စွပ်စွဲခံထားရသော အီရန်နိုင်ငံအတွင်းရှိ အမေရိကန်၏ စစ်ပွဲကိုလည်း ရည်ညွှန်းဖော်ပြထားခြင်း မရှိကြောင်းသိရသည်။
ခေါင်းဆောင် သုံးဦး၏ထုတ်ပြန်ချက်များအရ "နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် ရေနံချက်ထွက်ကုန်များ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို တိုးမြှင့်ရန် သုံးနိုင်ငံစလုံးက စီစဉ်ထားသည်ဟုဖော်ပြထားသည်။အဆိုပါသုံးနိုင်ငံ သမ္မတများက "နျူကလီးယား စစ်ပွဲဆိုသည်မှာ အနိုင်ရရှိနိုင်ခြင်း မရှိသကဲ့သို့ မည်သည့်အခါမျှ မတိုက်ခိုက်သင့် ကြောင်းကိုလည်း အတည်ပြုခဲ့ကြပြီးနျူကလီးယား အန္တရာယ်များ လျှော့ချရေးနှင့် နျူကလီးယား လက်နက်ပြန့်ပွား မှုတားဆီးရေးဆိုင်ရာဆွေးနွေးပွဲ"တစ်ရပ် ပြုလုပ်ရန် ကတိပြုခဲ့ကြသည်။
ထို့အပြင် ကုလသမဂ္ဂ အနေဖြင့် "ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင်စေရန်နှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော ၎င်း၏ အခြေခံရည်မှန်းချက်နှင့် ကိုက်ညီစေရန်အတွက် ကုလသမဂ္ဂကို "ပြုပြင်ပြောင်းလဲရန်" ၎င်းတို့က ကတိပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မူရင်းသတင်း — NP News