NP News

ယူကရိန်းကို စစ်ရေးအကူအညီ ထပ်မံထောက်ပံ့ပေးခြင်းကို သံသယရှိဟု အမေရိကန်သမ္မတပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂ဝ

နိုဝင်ဘာ (၁၉) ရက်က ကျင်းပခဲ့သည့် 'Coalition of the Willing' အစည်းအဝေးအတွင်း ပြုလုပ်သော ဖုန်းခေါ်ဆိုမှုတစ်ခု၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ယူကရိန်းအတွက် စစ်ရေးအကူအညီများ ထပ်မံသုံးစွဲခြင်း၏ အကျိုးကျေးဇူးများအပေါ် မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ရှန်ကျန်းမြို့ တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတရှီကျင့်ဖျင်တို့နှင့် တွေ့ဆုံမှု ပြီးဆုံးပြီး နာရီပိုင်းအကြာ၌သမ္မတထရမ့်သည် ၎င်း၏ လေယာဉ်ပေါ်မှနေ၍ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ဖုန်းဆက်သွယ်ခဲ့ကြောင်း သိရသည်။

​ဖုန်းဆက်စကားပြောဆိုမှုအတွင်း 'Coalition of the Willing' အဖွဲ့က ယူကရိန်းသို့အကူအညီများ ထပ်မံထောက်ပံ့ပေးနေခြင်းအပေါ် သမ္မတထရမ့်က သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အဆိုပါအခြေနေကို သိရှိနေသည့် အမေရိကန်အရာရှိများက အခိုင်အမာဆိုကြသည်။
သတင်းရင်းမြစ်တစ်ခု၏ အဆိုအရသမ္မတ ထရမ့်သည် ယေဘုယျသဘောမျိုးပြောဆိုခဲ့ပြီး ရုရှားနှင့် ယူကရိန်းစစ်ပွဲတွင် လူအများအပြား သေဆုံးနေရကြောင်းနှင့် နိုင်ငံများအနေဖြင့် စစ်ပွဲအပေါ် ရန်ပုံငွေများ အလဟဿ ဖြုန်းတီးနေခြင်းကို ရပ်တန့်သင့်ကြောင်း ခေါင်းဆောင်များကို အလေးအနက်ထား ပြောကြားခဲ့သည်။

အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သမ္မတ ထရမ့်၏ သမက်ဖြစ်သူ ဂျာရက်ကုရှ်နနာနှင့်အတူ တက်ရောက်ခဲ့သော ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အမေရိကန်သမ္မတသည် "'Coalition of the Willing' အဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖို့အတွက် ဂျရက်နဲ့ ကျွန်တော့်ကို ဒီနေရာကို အထူးစေလွှတ်လိုက်တာ ဖြစ်ပြီး၊ ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက်ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့နဲ့ အဲဒီကြိုးပမ်းမှုကို ပံ့ပိုးကူညီဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်" ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News