
မလေးရှားနိုင်ငံက ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြ) ဦးရေ ၁၀,၀၀၀ ကို ကျွမ်းကျင်မှုသင်တန်းများ စနစ်တကျ ပို့ချပေးသည့် အစီအစဉ်ဖြင့် တူရကီတွင် ပြန်လည်နေရာချထားပေးမည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းအစီအစဉ်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပြီး ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြ) များအတွက် အကြီးမားဆုံး ပြန်လည်နေရာချထားရေး အစီအစဉ်များအနက် တစ်ခုဖြစ်လာနိုင်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂထိပ်တန်းတရားရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ထို့နောက် တစ်ရက်အကြာတွင် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီက အဆိုပါအစီအစဉ်ကို ကြေညာခဲ့ကာ မလေးရှားနိုင်ငံအတွင်းရှိ ဘင်္ဂါလီအရေးကို ပိုမိုစနစ်ကျ ထိရောက်သည့် ၊ လူသားချင်းစာနာထောက်ထားသည့် နည်းလမ်းဖြင့်ဖြေရှင်းရန် အစိုးရ၏ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂါလီ ၁၀,၀၀၀ ကို လက်ခံပေးရန် တူရကီအစိုးရက သဘောတူသည့်အပေါ် ကြိုဆိုပါကြောင်း ၊ ယင်းအစီအစဉ်သည် ရွှေ့ပြောင်းနေထိုင်မှုကို ကိုင်တွယ်ရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ကာလရှည်ကြာ စိန်ခေါ်မှုဖြစ်နေသည့် ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရာ၌ မလေးရှား၏ အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါကြောင်းလည်း ၎င်းက ပြောသည်။
တူရကီနှင့် ပူးပေါင်းဆောင်ရွက်မည့် ၎င်းအစီအစဉ်သည် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြသသည့် စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း မလေးရှားဒုတိယဝန်ကြီးချုပ်က ဆိုသည်။
အစီအစဉ်တွင် ပါဝင်မည့်သူများကို ရွေးချယ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းပေးခြင်း၊ စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့ကို တူရကီအာဏာပိုင်များ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းအဆိုအရ သိရသည်။ဒေသခံအသိုင်းအဝိုင်းများနှင့် မြင့်တက်လာသည့် တင်းမာမှုများကြောင့် ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မလေးရှားနိုင်ငံက ဖိအားများရင်ဆိုင်နေရသည်။ ဖေဖော်ဝါရီလကုန်အထိ မလေးရှားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာဒုက္ခသည် ၁၉၃,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်က ဘင်္ဂါလီများဖြစ်ကြောင်း UNHCR ကထုတ်ပြန်ထားသည်။
Ref: Reuters