Myanmar Digital News

ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့မှ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု

နေပြည်တော် နိုဝင်ဘာ ၂၁

ဒုတိယသမ္မတ ဦးညိုစောသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုသည်။

ဦးစွာ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကိုကိုးကျွန်းမြို့ရှိ သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသနှင့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌက ကိုကိုးကျွန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များနှင့် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ECG စက်နှင့် ဆေးဝါးပစ္စည်းများ၊ MRTV DTH set top box များ‌ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ဒုတိယသမ္မတက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ မိန့်ခွန်း၊ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းပြောကြားပြီး ကိုကိုကျွန်းမြို့နယ်နှင့် ပတ်သက်၍လည်း ဒေသရာသီဉတုနှင့်ကိုက်ညီသည့် ကိုကိုးပင်အပါအဝင် အခြားနှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသည့်သီးနှံအလိုက် အထွက်နှုန်းကောင်းမွန်ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် ဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် မွေးမြူရန်၊ “ဒေသတစ်ခု ထွက်ကုန်ထုတ်ကုန်တစ်ခု” ဆိုသည့်အတိုင်း အုန်းထွက်ပစ္စည်းများနှင့် ကိုကိုးပင် ထွက်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည့်အခြေအနေများ၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံး အတန်းစဉ်ပြီးမြောက်သည်အထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်မှု၊ ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ရရှိရန်လိုအပ်မှုနှင့် သစ်တောသစ်ပင်များအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးဆောင် ရွက်သွားရမည့် အခြေအနေများ၊ ဒေသခံပြည်သူများ သောက်သုံးရေ၊ ရေချိုနှင့် စိုက်ပျိုးရေရရှိရေးအတွက် ကိုကိုးကျွန်းရေလှောင်တမံ(၂) တည်ဆောက်နေမှု အခြေအနေများ၊ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် နယ်မြေခံတပ်များ အတူတကွဝိုင်းဝန်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် ကိုကိုးကျွန်းတပ်နယ် ကိုကိုးပင်စိုက်ခြံ အမှတ်(၁)၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားသည့်အတိုင်း ကိုကိုးပင်များ တိုးချဲ့စိုက်ပျိုးထားရှိမှုနှင့် ဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊ ဒေသခံပြည်သူများ သောက်သုံးရေ၊ ရေချိုနှင့် စိုက်ပျိုးရေရရှိရေးအတွက် ကိုကိုးကျွန်း ရေလှောင်တမံ(၂) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

မူရင်းသတင်း — Myanmar Digital News