Myanmar Digital News

ဘားအံ၌ (၃၇)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပ

ဘားအံ နိုဝင်ဘာ ၂၁

“ကလေးများ အနာဂတ်လှပရေး နေ့စဉ်အခွင့်အရေးများမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် (၃၇)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကလေးသူငယ်များ၏ လုံခြုံမှုနှင့် အကောင်းဆုံးအနာဂတ်များရရှိစေရန် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာလူထု၊ လူမှုရေးအဖွဲ့အစည်းများနှင့် မိဘများ၊ ဆရာ၊ ဆရာမများအားလုံးတွင် တာဝန်ရှိပါကြောင်းနှင့် ကလေးတစ်ဦး၏အားနည်းချက်ကို အပြစ်တင်ခြင်းထက်နားလည်ပေးခြင်း၊ အပြစ်ပေးခြင်းထက် လမ်းညွှန်သင်ကြားပေးခြင်းနှင့် အမိန့်ပေးခြင်းထက် အားပေးနားထောင်ခြင်းတို့ကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီး၊ ကမမောင်းမြို့များရှိ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း (၁၃၆)ကျောင်းအတွက် တာဝန်ခံဆရာမတစ်ဦးလျှင် ၆ သိန်းနှုန်း၊ စာသင် ဆရာမတစ်ဦးလျှင် ၃ သိန်း ၆ သောင်းနှုန်း၊ သင်ထောက်ကူပစ္စည်းဖိုး တစ်သိန်းနှုန်း၊ တစ်ကျောင်းလျှင် ငွေကျပ် ၁၀ သိန်း ၆ သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၄၄၁ သိန်း ၆ သောင်းကို ချီးမြှင့်ပေးအပ်ကြသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များ၊ ၎င်းတို့၏မိဘများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ကို အတူတကွ ကြည့်ရှုခဲ့ကြပြီး ဘားအံမြို့၊ အမှတ်(၂) မူလတန်းကြိုကျောင်းနှင့် အမှတ်(၁) မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ အာဟာရဖြည့်စွက်အစားအစာများ ဝေငှပေး၍ တာဝန်ခံကျောင်းအုပ်များထံ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News