
ဆားတောင်မြို့နယ် PDF များထဲမှ အလင်းဝင်လာပြီး ပြည်သူ့စစ်တာဝန်ထမ်းဆောင်မည့်သူ ၂၃ ဦး၏ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၁ ရက်က စစ်ကိုင်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) တွင် ဆားတောင်ပြည်သူ့စစ် (ဌာနေ) အဖွဲ့၏ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂျိမ်းစ်စိုး ပါဝင်သော Local PDF ၂၃ ဦး၊ ဆားတောင်မိုးကြိုး PDF ကိုးဦးဖြင့် စုစုပေါင်း ၃၂ ဦး အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့အနက် ၂၃ ဦးက ပြည်သူ့စစ်ဌာနေအဖြစ် တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိသောကြောင့် သင်တန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ အခမ်းအနားသို့ တပ်မ (၃၃) မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
"ဒီသင်တန်းကို ရက်သတ္တပတ် ခြောက်ပတ်ကြာ စစ်ရေးပြ၊ လက်နက်ငယ်၊ လက်နက်ကြီး၊ ရှေးဦးသူနာပြုစုနည်း၊ ဆက်သွယ်ရေးဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်တွေကို နိုင်ငံချစ်မျိုးချစ်စိတ်နဲ့ တပ်မတော်သားတစ်ယောက်ကဲ့သို့ ခံယူချက်၊ ယုံကြည်ချက်မြင့်မားလာစေဖို့ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုချိန်မှစပြီး ဒေသလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့များနဲ့ ပူးပေါင်းပြီး လက်တွဲထမ်းဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ တစ်ဦးချင်း လက်နက်တပ်ဆင်အပ်နှင်းမှာဖြစ်တဲ့အတွက် လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။ စစ်မြေပြင်တွင် ရန်သူကို မီးလိုနေလိုကျင့်ပါ" ဟု ဗိုလ်မှူးကြီးကျော်မင်းထွန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆားတောင်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ကိုဂျိမ်းစ်စိုးက ပြည်သူ့စစ်အဖွဲ့အဖြစ် ပြန်လည်ဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ကိုယ့်ဒေသကိုယ် ပြည်သူတွေအတွက် ပြည်သူ့စစ်အဖြစ် ထမ်းဆောင်ခွင့်ပေးတဲ့အတွက် အကြီးအကဲတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဆားတောင်ဒေသကို ပြန်ရောက်ရင် ရပ်ရွာဒေသအတွက် ကောင်းကျိုးကောင်းရာတွေ ကြိုးစားဆောင်ရွက်သွားပါမယ်။ တောထဲမှာ ကျန်နေခဲ့တဲ့သူတွေကိုလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ဖိတ်ခေါ်ပါတယ်" ဟု ပြောကြားသည်။