၂၁.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပွားလျက်ရှိသောကြောင့် အဓိကနေရာများတွင် လုံခြုံရေးနှင့် စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သိရသည်။
အချို့ဒေသများတွင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထိန်းသိမ်းရန်၊ ပြည်သူလူထု၏ လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် ဖြစ်လာနိုင်သည့် မလိုလားအပ်သော ဖြစ်ရပ်များကို ကြိုတင်ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်စုပေါင်း ၉၀ ကို ခရိုင်ခုနှစ်ခုတွင် ဖြန့်ကြက်ချထားလိုက်ကြောင်းလည်း သိရသည်။

BGB ၏ မီဒီယာဌာနခွဲမှထုတ်ပြန်ချက်တွင် ဤသို့ချထားသည့်နေရာများတွင် ဒက်ကာ၊ နာရာယန်ဂန်ရှ့်၊ ဂါဇီပူရ်၊ ဂိုပါလ်ဂန့်ဂျ်၊ မိုင်မန်ဆင်း၊ ဖာရစ်ပူရ်နှင့် ကော့စ်ဘဇားတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ချထားသည့် တပ်စုများအနက် ဒက်ကာခရိုင်တွင် ၁၈ စု၊ ဒက်ကာမြို့တော်ဧရိယာတွင် ၅ စု၊ နာရာယန်ဂန်ရှ်တွင်တပ်စု ၆ စု၊ ဂါဇီပူရ်တွင် ၁၅ စု၊ ဂိုပါလ်ဂန်တွင် ၂၉ စု၊ မိုင်မန်ဆင်းတွင် ၂ စု၊ ဖာရစ်ပူရ်တွင် ၅ စုနှင့် ကော့စ်ဘဇားတွင် ၆ စု အသီးသီး ရှိနေပြီး နောက်ထပ် တပ်စု ၄ စုမှာ အသင့်အနေအထားဖြင့် ရှိနေသည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ BGB တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့များနှင့် အခြားသော ဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၎င်းတို့သည် အဓိက အဆောက်အအုံများ၊ စက်မှုဇုန်များနှင့် အခြားအရေးကြီးသော နေရာများတွင် လုံခြုံရေးနှင့် စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မငြိမ်မသက်မှုများ၊ အကြမ်းဖက်မှုများနှင့် ပြည်သူလူထု၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် လုပ်ရပ်များကို တားဆီးကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့အပြင် BGB ရုံးချုပ်အနေဖြင့် မြေပြင်ပေါ်ရှိ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် နည်းပညာအခြေပြု စောင့်ကြည့်စစ်ဆေးမှုစနစ်ကို အသုံးပြုလျက်ရှိ သည်။ ဤစနစ်တွင် ဒရုန်းများမှ ရိုက်ကူးပေးပို့သည့် တိုက်ရိုက်ရုပ်သံများ၊ ကိုယ်တွင်တပ်ဆင်ထားသော ကင်မရာများနှင့် အခြားခေတ်မီ ကိရိယာများ ပါဝင်သည်။
Ref: Dhaka Tribune
