Myanmar Transparency News

မအူပင်(တောင်)ရေနံမြေ၊ တွင်းအမှတ်(၁၅)ရှိ သဲကြောများအား သုတေသနပြု ဆန်းစစ်၍ ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိခဲ့ပြီး တိုးမြှင့်တောင်းခံထားသည့် စက်ရုံများသို့ ဖြန့်ဖြူးပေးသွားမည်

၂၁.၁၁.၂၀၂၆
Written by Linn Eain

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်)ရေနံမြေ၊ တွင်းအမှတ်(၁၅)ရှိ သဲကြောများအား သုတေသနပြု ဆန်းစစ်၍ ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိခဲ့ပြီး တိုးမြှင့်တောင်းခံထားသည့် စက်ရုံများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်စွဲဖြင့် ယနေ့ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်)ဒေသရှိ တွင်းအမှတ်(၁၅)တွင် အနက်ပေ ၅၉၀၀ ရှိ သဲကြောမှ သဘာဝဓာတ်ငွေ့အား စမ်းသပ်ထုတ်ယူခဲ့ရာ တစ်နေ့ လျှင် ၂ ကုဗပေသန်း တိုးတက်ထုတ်ယူနိုင်ခဲ့သည်။

ထို့အတူ မအူပင်(တောင်)ရေနံမြေရှိ တွင်းအမှတ် ၁၇ နှင့် ၁၉ တို့တွင်လည်း သဲကြောများ တိုးချဲ့ရှာဖွေပြီး ဓာတ်ငွေ့ထုတ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများအတွင်းရှိ ရေနံမြေများတွင် တွင်းသစ် တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို တိုးမြှင်တောင်းခံထားသည့်စက်ရုံများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်မည့် သဘာဝဓာတ်ငွေ့များ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် အလားအလာရှိသော ရေနံမြေများတွင် စူးစမ်းရှာဖွေခြင်း၊ ထုတ်ယူနိုင်မည့် ပမာဏကို တိုင်းတာစစ်ဆေးခြင်း၊ အတည်ပြုပြီးနေရာများတွင် တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ တွင်းဟောင်းများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် နည်းပညာအသုံးပြု၍ သုတေသနပြုလုပ်ပြီး သဲကြောများ တိုးချဲ့ရှာဖွေထုတ်လုပ်ခြင်း၊ ပါးလွှာသောသဲကြောများမှ ထုတ်ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News