
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်နေသည့်လုပ်ငန်းများသည် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါနေကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် (နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် “စွန့်ဦးတီထွင်သူများ အောင်မြင်ရှင်သန်ရာနေရာ (သင့်ဖန်တီးမှုကို ကမ္ဘာကြီးက လိုအပ်နေသည်)” အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးစွန့်ဦးတီထွင်သူများနေ့သည် အမျိုးသမီးများကို စီးပွားရေးလုပ်ငန်းရှင်များအပြင် တီထွင်ဖန်တီးသူများ၊ အလုပ်အကိုင်ဖန်တီးသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လူမှုစီးပွားပြောင်းလဲမှုကို ဦးဆောင်သူများအဖြစ် အသိအမှတ်ပြုမြှင့်တင်ပေးရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အမျိုးသမီးများ၏ ပညာရေး၊ ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို မြှင့်တင်ပေးခြင်းသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များက အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်နေသည့် အစားအသောက်ထုတ်လုပ်မှု၊ အထည်အလိပ်၊ လက်မှုထုတ်ကုန်၊ စိုက်ပျိုးရေး ထွက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျရောက်သော ကမ္ဘာ့စွန့်ဦးတီထွင်သူများ ရက်သတ္တပတ်(၂၀၂၆) နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ကျရောက်သော အမျိုးသမီးစွန့်ဦးတီထွင်သူများနေ့ (၂၀၂၆)တို့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA)က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအသီးသီးတွင် စွန့်ဦးတီထွင်မှုဆိုင်ရာဆွေးနွေးပွဲများ၊ လေ့ကျင့်သင်ကြားမှုများ၊ စီးပွားရေးချိတ်ဆက်မှုများနှင့် လုပ်ငန်းစတင်မှုဆိုင်ရာလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိရာ ယခုအခမ်းအနားမှ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှု ဂေဟစနစ်ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။