
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဆုံးဖြတ်ခြင်းမှာ အပြည်ပြည်ဆိုင်တရားရုံး (ICJ) ၏ ကြီးမားသော တရားစီရင်ရေး အမှားကြီးဖြစ်ကြောင်း စစ်ကိုင်းမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ International Buddhist Education Centre – IBEC က ယနေ့(နိုဝင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ(၁၉)ရက်တွင် ICJ က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ်တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုူတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာသဘောတူစာချုပ် Genocide Convention ကိုမြန်မာနိုင်ငံက ချိုုးဖောက်ကျူးလွန်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းအပေါ် စစ်ကိုင်းမြို့၌ အခြေစိုက်သော အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာ International Buddhist Education Centre – IBEC ကတရားမျှတမှုမရှိသော ဆုံးဖြတ်ချက် အဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
IBEC ဆရာတော် (စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) သည် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉၊၁ဝ၊၁၁) ရက်နေ့များ တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ ရုံးတော်ကြားနာပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက် နားထောင်၍ “ We Stand With Myanmar “အဖြစ် မြန်မာ နိုင်ငံတော်ဘက်မှ ခိုင်မာစွာရပ်တည်ခဲ့ကာ “မှန်ရာကိုသစ္စာဆိုမည် ICJ ဆီ” မှတ်တမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့နောက် IBEC အနေဖြင့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်ရက်စွဲဖြင့် ဂမ်ဘီယာနိုင်ငံ အပါအဝင် ကမ္ဘာ့အင်အား ကြီးနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ကြေညာချက်ကိုလည်း ထိုအချိန်ကပင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ့သမိုင်းကြောင်းတွင် တရားဝင်တည်ရှိခဲ့ခြင်းမရှိသော “ရိုဟင်ဂျာ” ဟူသည့် အမည်နာမကို အသိအမှတ်ပြု သုံးစွဲပြီး လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု ဆုံးဖြတ်ခြင်းမှာ ICJ တရားရုံးအနေဖြင့် ကြီးမားသော တရားစီရင်ရေး အမှားကြီးကို ကျူးလွန်ခြင်းဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အကယ်၍ အမှန်တကယ် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပါက အဆိုပါ ဘင်္ဂါလီများ သက်ရှိထင်ရှား တစ်ဦးတစ်ယောက်မျှ ကျန်ရစ်စရာအကြောင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် IBEC က တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ ICJ ရုံးတော်နှင့် ကုလသမဂ္ဂ UN အဖွဲ့အစည်းများထံသို့လည်း တရားဝင်ကန့်ကွက်ရှုတ်ချကြောင်း စာများ ပေးပို့သွား မည်ဖြစ်ကြောင်းနှင့် IBEC သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်အတူ ထာဝရ ရပ်တည်သွားမည်ဖြစ် ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။
