NP News

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင် တရားမဝင်ငွေကြေးကောက်ခံမှုနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူ (၂၀၀) နီးပါးကို အရေးယူထား

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၁

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင် တရားမဝင်ငွေကြေးကောက်ခံမှုနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူ (၂၀၀) နီးပါးကို အရေးယူထားကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအတွင်း အချို့မသမာသူများက တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ကာ အမျိုးသားများကို အဓမ္မဖမ်းဆီးပြီး ငွေကြေးရယူ၍ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် အချို့ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းသွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ်ငွေကြေးကောက်ခံခြင်းနှင့် စစ်မှုထမ်းဆောင်ရန် ရှောင်တိမ်းသူများအစား အခကြေးငွေဖြင့် လူစားထိုးဆောင်ရွက်စေရန် ငွေကြေးကောက်ခံခြင်းများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါလုပ်ရပ်များသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ချိုးဖောက်၍ တရားမဝင်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ စိစစ်ဖော်ထုတ်အရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ (၃၁) ရက်အထိ ငွေကြေးဆိုင်ရာ မသမာမှု (၄၉) မှုမှ ကျူးလွန်သူ (၁၀၂) ဦးနှင့် အဓမ္မဆင့်ခေါ်မှု (၂၂) မှုမှ ကျူးလွန်သူ (၉၇) ဦး စုစုပေါင်း အမှု (၇၁) မှုမှ ကျူးလွန်သူ (၁၉၉) ဦးကို စိစစ်ဖော်ထုတ် အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုများအရ ငွေကြေးဆိုင်ရာ တိုင်ကြားမှု (၁၈၂) မှုရှိခဲ့ပြီး (၉၁) မှုကို အရေးယူခဲ့ပြီး (၅၆) မှုကို စိစစ်ဆဲဖြစ်ကာ (၃၅) မှုမှာ မမှန်မကန်တိုင်ကြားမှု များဖြစ်ကြောင်း သိရသည်။

အလားတူ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ တိုင်ကြားမှုမှာ (၄၃) မှုရှိခဲ့ပြီး (၁၇) မှုကို အရေးယူခဲ့ပြီး (၁၄) မှုကို စိစစ်ဆဲဖြစ်ကာ (၁၂) မှုမှာ မမှန်မကန်တိုင်ကြားမှုများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေသားထားသည်။
ထို့ပြင် ခရီးသွားပြည်သူများကို အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန် ဖမ်းဆီးခေါ်ဆောင် ခြင်း၊ ငွေကြေးဖြင့် လူစားထိုး ဆင့်ခေါ်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင် ငွေကြေး ကောက်ခံခြင်းများ လျော့နည်းပပျောက်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတင်းပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — NP News