
၂၁.၁၁.၂၀၂၆
Written by Nay Yaung Linn
မြန်မာနိုင်ငံ၏ နိုင်ငံရေးရေချိန်သည် စည်းလုံးညီညွတ်မှုနှင့် ပြည်သူပြည်သားများ မည်မျှအထိ ခိုင်မာစွာ ကျောချင်းကပ် တောင့်ခံနိုင်သည့်အပေါ် မူတည်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီတွင် ပြုလုပ်ခဲ့သည့် သမ္မတရုံး၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက “ပြည်တွင်းမှာတော့ ကိုယ့်အိမ်သူအိမ်သားတွေ ရန်ဖြစ်ရင် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ဒါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ နိုင်ငံရေးရေချိန်သည် ကိုယ့်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကိုယ့်ပြည်သူပြည်သားတွေ ဘယ်လောက်ထိ ခိုင်ခိုင်မာမာ ကျောချင်းကပ်ပြီးတော့ တောင့်ခံနိုင်သလဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ ဒါကတော့ ကျွန်မတို့ ခုနက ဘယ်သူ့အပေါ် မူတည်လဲဆိုတော့ အနည်းငယ် Effect ရှိနိုင်တယ်။ သို့သော်လည်း ကျွန်မတို့ ပြည်သူပြည်သားတွေအပေါ်မှာပဲ မူတည်ပါတယ် ” ဟု သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် နိုင်ငံရေးရေချိန်သည် မည်သူ့အပေါ်မူတည်သည်ဆိုသည်မှာ မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ပြည်သူများအပေါ်တွင် မူတည်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။
“နိုင်ငံရေးရေချိန် ဘယ်သူ့အပေါ်မှာ မူတည်လဲ။ ဟုတ်ကဲ့ပါ။ လွှတ်တော်အမတ်မင်းတွေ မူတည်နေလားပေါ့နော်။ ဟုတ်ကဲ့ ဘယ်သူ့အပေါ်မှ မမူတည်ပါဘူးရှင့်။ ကျွန်မတို့နိုင်ငံက အချုပ်အခြာအာဏာပိုင်နိုင်ငံ။ အဲတော့ ကျွန်မတို့နိုင်ငံထဲက ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးရေချိန်က ကျွန်မတို့ စည်းရုံးရင် စည်းလုံးရင် စည်းလုံးသလို ကျွန်မတို့နိုင်ငံရဲ့ ဒါ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲချင်တာ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်မတို့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ် နံပါတ်တစ်ပါ ” ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ဆက်လက်၍ International က Effect မရှိဘူးလားဆိုလျှင် ရှိကြောင်း၊ ထိုအရာကိုလည်း အားလုံးအသိပဲ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဆိုလျှင် Effect ပိုရှိကြောင်း၊ စီးပွားရေးအားကောင်းသည့် နိုင်ငံများ၏ ပိတ်ဆို့မှုများဆိုပါက မိမိတို့အပေါ် Effect ရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။