NP News

အဆောက်အဦများ၏ အမိုးပေါ်တွင် အမိုးတင်ဆိုလာတပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ထား

ပုလဲ (NP News) - နိုဝင်ဘာလ ၂၁

အဆောက်အဦများ၏ အမိုးပေါ်တွင် အမိုးတင်ဆိုလာတပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း အစီအစဉ်တွင် ပါဝင်ရန်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆောက်အဦများ၏ အမိုးပေါ်တွင်ဆိုလာ ပြားများ တပ်ဆင်၍ လာမည့် နွေရာသီအမီလျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်းသိရသည်။
၁၀၀ ကီလိုဝပ်နှင့်အထက် ဆိုလာနှင့်ဆက်စပ် ပစ္စည်းများ တပ်ဆင်အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်း တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်တွင် ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် အမိုးတင်ဆိုလာစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံကြပါရန် ဖိတ်ခေါ်ထားပြီးလည်းဖြစ်ကြောင်း သိရသည်။
အမိုးတင်ဆိုလာစီမံကိန်းကို အကောင်အထည်ဖော်ရာ၌ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီစနစ်တကျဖြစ်စေရန်၊ တပ်ဆင်ထားသော ဆိုလာပြား၏ အပူလွန်ကဲမှုမှတစ်ဆင့် အဆောက်အဦတွင် အန္တရာယ်မဖြစ်စေရန်၊ အဆောက်အဦပိုင်ရှင်မှ အရင်းအနှီးငွေကြေး စိုက်ထုတ် သုံးစွဲရသော ဝန်ထုပ်ဝန်ပိုးမရှိစေရန် နည်းပညာကျွမ်းကျင်သူများပါဝင်ဖွဲ့စည်းထားပြီး၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိသည့် ပုဂ္ဂလိက လုပ်ငန်းရှင်၏ အရင်းအနှီးဖြင့် တပ်ဆင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဓာတ်အားထုတ်လုပ် ရောင်းချမှုလုပ်ငန်းများအားလုံးကို တာဝန်ယူဆောင်ရွက်ပေးရန်ဖြစ်၍ ယင်းလုပ် ငန်းများ ဆောင်ရွက်လိုသူကုမ္ပဏီများအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်စာရင်း ရေးသွင်းဆောင်ရွက်စေလျက်ရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီအဖွဲ့အစည်းများအားအချိန်တိုအတွင်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အဆိုပါလုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီများ နှင့် နှစ်ရှည်စာချုပ် ချုပ်ဆို၍ ဓာတ်အားဝယ်ယူလျက် ရှိနေပြီး အမိုးတင်ဆိုလာတပ်ဆင်ထားသော အဆောက်အဦပိုင်ရှင်၏ သုံးစွဲသော လစဉ်ဓာတ်အားခပေါ်တွင် နှုန်းထားဖြေလျှော့မှုကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဈေး စသည့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းအဆောက် အဦများ ၏ အမိုးများပေါ်တွင်စတင်၍ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
ဒုတိယအဆင့်အနေဖြင့် လူနေအိမ်အဆောက်အဦများတွင်ပါ တပ်ဆင်ဆောင်ရွက်နိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအနေဖြင့်လျှပ်စစ်ဓာတ်အားသုံးစွဲသူ(Consumer) အဖြစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲသူ(Prosumer) အဖြစ်သို့ ကူးပြောင်းရောက်ရှိလာမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် နိုင်ငံတစ်ဝှမ်း အမိုးတင်ဆိုလာစီမံကိန်းများ လျင်မြန်စွာ ဖြန့်ကျက်ပေါ်ပေါက် လာစေရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အမိုးတင်ဆိုလာစီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။

မူရင်းသတင်း — NP News