
ရခိုင့်ဦးဆောင်ပါတီ (AFP) က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် ကို ယနေ့ ၂၁-၁၁-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် -
၁။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ နယူးယောက်မြို့ ၌ ကျင်းပလျက်ရှိသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအောက်ရှိ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အဆို (A/C.3/81/L.42/Rev.1) အား အတည်ပြုချမှတ်ခဲ့ခြင်း နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်စွဲပါ စီရင်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် အပြည့်အဝထောက်ခံ ကြိုဆိုပါသည်။
၂။ ရခိုင်ပြည်နယ် (၂၀၁၆-၂၀၁၇)ခုနှစ် ပဋိပက္ခများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် ကန့်သတ်စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက် (Genocidal Intent) လုံးဝမရှိပါကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့ကြောင့်သာ ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂလီများ နေရပ်စွန့်ခွာခဲ့ရသည့် အမှန်တရားကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လျစ်လျူရှုထားသဖြင့် လွန်စွာ စိတ်ပျက်မိပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ တရားစီရင်ရေးစံနှုန်းများနှင့်အညီ သံသယ ကင်းလွတ်သည်အထိ သက်သေပြရန် (Beyond Resonable Doubt) လိုအပ်ချက်မှ သွေဖည်ကာ တစ်ဆင့်ကြား အချက်အလက်များသာ ပါဝင်သည့် FFM နှင့် NGOs အစီရင်ခံစာများအပေါ် အခြေခံဆုံးဖြတ် ထားသော စီရင်ချက်သည် တရားမျှတမှုနှင့် ကင်းကွာနေကြောင်း တွေ့ရှိရပါသည်။
၃။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကိုလေးစားလျက် ပကတိအခြေအနေမှန်များကို ဓမ္မဓိဌာန် ကျကျ ရှုမြင်သင့်ပါကြောင်းနှင့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံ့အချုပ်အခြာအာဏာနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွား မထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမည့် မြန်မာနိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်အပေါ်တွင် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
#Myanmar #News