
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ဆဋ္ဌမညဖြစ်သော နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းတွင် ပွဲလာ ဧည့်ပရိသတ် များပြားပြီး လူကြပ်မှုကြောင့် မူးလဲသူ ၆၀ ကျော် ရှိခဲ့ပြီး ၄ ဦး ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ကြက်ခြေနီ အသင်းထံက သိရသည်။
ပွဲတော် ဆဋ္ဌမညတွင် ပွဲတော်ဖွင့်ပွဲရက်ထက် ပွဲကြည့်ပရိသတ် ဝင်ရောက်မှု ပိုမို များပြားခဲ့ပြီး လူဦးရေ ၅ သိန်းကျော် ဝင်ရောက်ခဲ့ကာ လူကြပ်၍ မူးလဲသူများရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းမှ ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်း ယခု သတင်းဖော်ပြချိန်အထိ ပွဲတော်အတွင်း မူးမေ့လဲသူ ၆၇ ဦး ရှိခဲ့ပြီး ၄ ဦးကို စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကာ ကျန်သူများကို ပွဲတော်အတွင်းရှိ ယာယီဆေးခန်း တွင် ဆေးကုသမှု ပေးခဲ့သည်ဟု သိရသည်။
ထို့အပြင် စတိတ်ရှိုးပွဲရှေ့တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၂ ဦး ခေါင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ပွဲတော်ကွင်း အတွင်းရှိ ယာယီဆေးခန်းတွင်ပင် ဆေးကုသမှု ပေးခဲ့သည်ဟု သိရသည်။
“မူးမေ့လဲသူ များတော့ ဆရာမတို့လည်း လူ (ကျန်းမာရေးဝန်ထမ်း) တိုးတောင်းထားပါတယ်။ အစိုးရကလည်း နောက်နေ့တွေကနေ စပြီး လူပိုချပေးဖို့ ပြောထားပါတယ်” ဟု ဆေးခန်းတာဝန်ကျ ဆရာမတစ်ဦးက ပြောသည်။
အဝေရာမီးပုံးပျံကွင်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များ၊ ဆေးအဖွဲ့များက နေ့ဘက်တွင် ၁၀ ဦး၊ ညဘက်တွင် ၃၀ ဦး တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ၂၀၂၆ တောင်ကြီးတန်ဆောင်တိုင်ပွဲသည် လူများပိုမိုစည်ကားလာပြီး ကွင်းအတွင်း လူပြည့်ကြပ်မှုကြောင့် မကြာခဏ မူးမေ့လဲကာ ရန်ပွဲများလည်း ဖြစ်ပွားနေကြောင်း သိရသည်။