
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
ပီရူးနိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်က အင်အား ၆ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော် လီမာမှာ လည်း တုန်ခါမှုကို ခံစားခဲ့ရပါတယ်။ လက်ရှိအချိန်အထိ လူသေဆုံးမှု ဒါမှမဟုတ် အကြီးအကျယ် ပျက်စီးမှု သတင်း တွေ မရသေးပါဘူး။
ပီရူးနိုင်ငံ ဘူမိရူပဗေဒအင်စတီကျုရဲ့ အဆိုအရ ငလျင်ဟာ အန်ဒီစ်တောင်တန်းဒေသ ဂျူနင်ပြည်နယ်မှာ မြေအောက် အနက် ၁၂၉ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လီမာမြို့မှာတော့ နေအိမ်တွေ ကနေ လူတွေ ထွက်ခွာခဲ့ ကြပြီး လွှတ်တော်အမတ်တွေ လွှတ်တော်အဆောက်အအုံကနေ ထွက်လာတာကို ရုပ်သံတွေမှာ တွေ့ရပါတယ်။
လီမာမြို့အရှေ့ဘက် ကီလိုမီတာ ၃၂၀ ခန့်အကွာ ဂျူနင်ပြည်နယ်က ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗီဆန်တေး ကစ်စပေးကတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်း မရရှိသေးဘူးလို့ ဒေသခံ RPP ရုပ်သံကို ပြောပါတယ်။ ဒီဒေသမှာ အခုလို အင်အားပြင်းတဲ့ ငလျင်မျိုး ပထမဆုံး ခံစားရတာဖြစ် တယ်လို့လည်း ဆိုပါတယ်။
ဂျူနင်ဒေသမှာ အလတ်စား သတ္တုတွင်းလုပ်ငန်းတွေရှိပြီး ပီရူးနိုင်ငံရဲ့ အကြီးဆုံး ကြေးနီသတ္တုတွင်းတွေ ထဲက တစ်ခု ဖြစ်တဲ့ Chinalco ပိုင် Toromocho သတ္တုတွင်းလည်း ရှိပါတယ်။ ပီရူးဟာ ကမ္ဘာ့တတိယ အကြီးဆုံး ကြေးနီထုတ်လုပ် တဲ့နိုင်ငံဖြစ်ပြီး သတ္တုတူးဖော်ရေးက နိုင်ငံ့စီးပွားရေးအတွက် အဓိကကဏ္ဍတစ်ခု ဖြစ်ပါတယ်။
အမေရိကန် ဆူနာမီသတိပေးစနစ်ကတော့ ငလျင်ကြောင့် ဆူနာမီအန္တရာယ် မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ပီရူး နိုင်ငံဟာ မြေငလျင်လှုပ်ခတ်မှု မကြာခဏဖြစ်လေ့ရှိတဲ့ ပစိဖိတ် “မီးကွင်း” ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။
Ref – Reuters