သက်တံ့
၂၁. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ပြည်နယ်ရှိ လမ်းဘေးတစ်နေရာတွင် အလောင်းစွန့်ပစ်ခံထားရသည့် အသက် ၁၈ နှစ်အရွယ် မြန်မာနိုင်ငံသား ရှမ်းအမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် သံသယရှိသူ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod English သတင်းဌာန ဖော်ပြမှုအရ သိရသည်။
သံသယရှိသူသည် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးပမ်းစဉ် ခုခံသဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး ဝန်ခံထွက်ဆိုထားသည်ဟု ဆိုသည်။

“မအေ” (Ms. A) ဟုသာ အမည်လွှဲဖော်ပြထားသည့် သေဆုံးသူရှမ်းအမျိုးသမီးငယ်၏ အလောင်းကို နန်ရောင်း (Nang Rong) ခရိုင်၊ နောင်ထွာပက် (Nong Thua Paep) ကျေးရွာအဝင်လမ်း မျက်နှာချင်းဆိုင်ရှိ အဝေးပြေးလမ်းမကြီး အမှတ် (၂၄) ဘေး မြက်တောထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ဟွာသနွန် (Hua Thanon) ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးနှင့် မီတာ ၅၀၀ ခန့်အကွာ၌ ဒေသခံများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရမူ သေဆုံး ရှမ်းအမျိုးသမီးငယ်၏ အမည်မှာ နန်းခမ်းချစ် ဖြစ်သည်။
အလောင်းတွေ့ရှိသည့်နေရာမှာ လူသူကင်းဝေးပြီး အလင်းရောင်အားနည်းသည့်အပြင် စီစီတီဗီ (CCTV) ကင်မရာများ မရှိခြင်းနှင့် ဒေသတွင်း၌ လူပျောက်တိုင်ကြားထားမှု မရှိခြင်းတို့ကြောင့် စုံစမ်းစစ်ဆေးရေးမှူးများအတွက် များစွာအခက်တွေ့စေခဲ့သည်။

အလုပ်ရမည်ဟု ဖြားယောင်းကာ ဘူရီရမ်သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ သံသယရှိ
အမှတ် (၃) တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဘူရီရမ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နန်ရောင်းရဲစခန်းတို့မှ စုံစမ်းစစ်ဆေးရေးမှူးများသည် သေဆုံးသူ၏ အစ်မဖြစ်သူနှင့် အခြားသက်သေများကို စစ်ဆေးမေးမြန်းခဲ့ကြသည်။
စစ်ဆေးချက်များအရ အဆိုပါ အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီးငယ်သည် ချင်းရိုင် (Chiang Rai) ပြည်နယ်မှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအား အိမ်အကူအလုပ် ရမည်ဟု မက်လုံးပေးဖြားယောင်းကာ ဘူရီရမ်ပြည်နယ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေသည်။

စုံစမ်းစစ်ဆေးသူများသည် သေဆုံးသူက ၎င်း၏ချစ်သူထံ နောက်ဆုံးပေးပို့ခဲ့သည့် တည်နေရာ (Location) ကို ခြေရာခံလိုက်ရာ နန်ရောင်းခရိုင်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ယင်းသဲလွန်စမှတစ်ဆင့် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာ သေဆုံးသူသည် အမျိုးသားတစ်ဦးနှင့်အတူ လိုက်ပါသွားခဲ့ပြီး ထိုအမျိုးသားက ၎င်းအား နောက်ပိုင်းတွင် အလောင်းတွေ့ရှိသည့်နေရာနှင့် ကီလိုမီတာ ၄၀ ခန့်အကွာရှိ အငှားအခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ထို့နောက် နန်ရောင်းခရိုင် တရားရုံးက မျိုးရိုးအမည် ထုတ်ဖော်ပြောကြားခြင်းမရှိသည့် အသက် ၄၇ နှစ်အရွယ် ထင်နာဖတ် (Thinnaphat) ဆိုသူအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။

နခွန်ပထုံတွင် သံသယရှိသူကို ဖမ်းဆီးရမိ
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့သည် နခွန်ပထုံ (Nakhon Pathom) ပြည်နယ်၊ မောင်း (Mueang) ခရိုင်အတွင်း၌ ထင်နာဖတ်ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် သေဆုံးသူ၏ အလောင်းကို သယ်ဆောင်စွန့်ပစ်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဘန်ကောက်လိုင်စင်နံပါတ်တပ် အနက်ရောင် ပစ်ကပ်ကားတစ်စီးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူသည် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးပမ်းစဉ် ခုခံသဖြင့် ဒေါသထွက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး ဝန်ခံထွက်ဆိုခဲ့သည်။

၎င်းသည် အမျိုးသမီးငယ်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး လည်ပင်းကို လက်ဖြင့် ညှစ်သတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများထံ ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
ထို့နောက် ပြစ်မှုကို ဖုံးကွယ်ရန်အတွက် အလောင်း၏ ဦးခေါင်းနှင့် ခြေထောက်တို့ကို ပလတ်စတစ်အိတ်များဖြင့် စွပ်ကာ ပစ်ကပ်ကားပေါ်တင်၍ ကီလိုမီတာ ၃၀ မှ ၄၀ ခန့်အထိ မောင်းနှင်ပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ကြံရာပါများ ရှိ၊ မရှိ ရဲတပ်ဖွဲ့ ဆက်လက်စုံစမ်းနေ
လူသတ်မှုဖြစ်စဉ် အပြည့်အစုံနှင့် နောက်ကွယ်မှ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ရန် သံသယရှိသူကို ဆက်လက်စစ်ဆေးမေးမြန်းသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
တရားရုံးမှ ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းအရ ၎င်းအား တမင်ရည်ရွယ်၍ လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုတို့ဖြင့် ကနဦး တရားစွဲဆိုထားသည်။
ထို့အပြင် ယခုပြစ်မှုတွင် အခြားပါဝင်ပတ်သက်သူများ ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးရေးမှူးများက ဆက်လက်စစ်ဆေးလျက် ရှိသည်။
Ref: Khaosod English